စက်ရုံအလုပ်သမားတွေရဲ့ တနေ့တာကုန်ကျစရိတ် စစ်တမ်းကောက် မည်


2017.08.27
workers-garment-622.jpg အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားတချို့ကို တွေ့ရစဉ်
Photo: RFA

အနည်းဆုံး အခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းမှာရှိတဲ့ စက်မှုဇုန်တွေက အလုပ်သမားတွေရဲ့ တစ်နေ့တာ ကုန်ကျစရိတ်ကို လာမယ့် သြဂုတ်လ ၂၉ ရက်နေ့ကစပြီး စစ်တမ်းကောက်ယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီဝင် အလုပ်သမား ကိုယ်စားလှယ် ဦးရဲဝင်းထွန်းက ပြောပါတယ်။

အလုပ်သမားတွေရဲ့ အခြေခံ စားဝတ်နေရေးအတွက် ကုန်ကျစရိတ်တွေကို သိနိုင်ဖို့ အချက် ၁၅ ချက်ကို အခြေခံပြီ စစ်တမ်းကောက်ယူမှာဖြစ်တယ်လို့ ဦးရဲဝင်းထွန်းက ပြောပါတယ်။

"အဲဒီမှာ ကျနော်တို့က ဘယ်ဟာအထိပါမလဲဆိုရင် တစ်နေ့ အစားအသောက် ကုန်ကျစရိတ်တွေ ပါမယ်။ နေထိုင်မှုအတွက် ကုန်ကျစရိတ်တွေ ပါမယ်။ နေထိုင်မှုအတွက် ကုန်ကျစရိတ် ဆိုတဲ့နေရာမှာ အိမ်ငှားနေတယ်ဆိုလည်း အိမ်ငှားခပေါ့။ အိမ်ပိုင်နဲ့နေတယ်ဆိုလည်း အိမ့်ရဲ့ တစ်နှစ်တာ ပြင်ဆင်စရိတ် မှာ သူတို့ ဘယ်လောက် ကုန်ကျလဲပေါ့။ တစ်နှစ်တစ်ခါ ပြင်ဆင်စရိတ် အဲဒီဟာတွေပါမယ်။ ပြီးတော့ ကျနော်တို့ အဝတ်အစား ဝယ်ဝတ်တဲ့ ကိစ္စပါမယ်။ ပြီးတော့ ပညာရေး ဆက်လက်တက်နေတဲ့ သူဆိုရင်လဲ ပညာရေးအတွက် ကုန်ကျစရိတ်တွေပါမယ်။ ဆပ်ပြာဘာညာကအစ။ အဲဒီကုန်ကျစရိတ်တွေကအစ အသေးစိတ် ကျနော်တို့ ဆွဲထားတာ ရှိတယ်ခင်ဗျ။ အဲဒီ ၁၅ ချက်နဲ့ သွားမှာပါ။"

လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ မြောက်ဥက္ကလာပ စတဲ့ မြို့နယ်တွေက စက်မှုဇုန်တွေမှာရှိတဲ့ အလုပ်သမားဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကို စစ်တမ်းကောက်ယူမှာ ဖြစ်တယ်လို့ ပြောပါတယ်။

စက်မှုဇုန်တွေမှာရှိတဲ့ ခဲသန့်စင်စက်ရုံ၊ လျှပ်စစ် ဝါယာကြိုးစက်ရုံ၊ အထည်ချုပ်စက်ရုံ၊ စားသောက်ကုန် ထုတ်လုပ်တဲ့စက်ရုံ စတဲ့ လုပ်ငန်းခွင်အမျိုးအစားပေါင်းစုံက အလုပ်သမားတွေကို စစ်တမ်း ကောက်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်တမ်းကောက်ယူပြီး ရရှိလာတဲ့ အချက်တွေအပေါ် တိုင်းအဆင့်ကော်မတီက ဆွေးနွေး သုံးသပ်ပြီး အမျိုးသားအဆင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ကော်မတီကို တင်ပြသွားမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ အနည်းဆုံး အခကြေးငွေအဖြစ် တစ်ရက်ကို ငွေ ၃၆၀၀ ကျပ် နှုန်း သတ်မှတ်ထားတာဖြစ်ပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ ဥပဒေအရ ဒီနှစ်မှာ နှုန်းထားသစ်တစ်ခုကို ပြန်လည် သတ်မှတ်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။