မြန်မာ အထည်ချုပ်လုပ်သားတွေ အခြေအနေ Oxfam အဖွဲ့အစီရင်ခံစာထုတ်ပြန်


2015.12.09
oxfam-workers-report-620.jpg Oxfam အဖွဲ့ရဲ့ "မြန်မာနိုင်ငံတွင် ပြုလုပ်သည်... အထည်ချုပ်အလုပ်သမားများအတွက် ဆင်းရဲတွင်း၌ အမြစ်တွယ်စေခြင်းလား သို့မဟုတ် သင့်တင့်လျောက်ပတ်သော လုပ်ငန်းများလား" အစီရင်ခံစာထုတ်ပြန်ပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ Green Hill ဟိုတယ်မှာပြုလုပ်စဉ်
Photo: RFA

အစိုးရက အနည်းဆုံးလုပ်ခလစာကျပ် ၃၆၀၀ သတ်မှတ်ပေးထားပေမယ့် တခြားခံစားခွင့်တွေကို လျော့ချလိုက်တဲ့ အတွက် အလုပ်သမားတွေဟာ အရင်ထက်ပိုတိုးပြီး လစာတိုးမြင့်ခံစားခွင့်မရကြကြောင်း နိုင်ငံတကာအဖွဲ့ အစည်းဖြစ်တဲ့ Oxfam နဲ့ အလုပ်သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေက ပြောပါတယ်။

Oxfam အဖွဲ့ရဲ့ "မြန်မာနိုင်ငံတွင်ပြုလုပ်သည်... အထည်ချုပ်အလုပ်သမားများအတွက် ဆင်းရဲတွင်း၌  အမြစ်တွယ်စေခြင်းလား သို့မဟုတ် သင့်တင့်လျောက်ပတ်သော လုပ်ငန်းများလား" အစီရင်ခံစာထုတ်ပြန်ပွဲကို ဒီကနေ့ ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

စစ်တမ်းကောက်ယူရာမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ အလုပ်သမားရေးရာဌာနက မသက်သက်အောင်က အလုပ်သမားတွေရဲ့ ဘဝကို အခုလို ပြောပါတယ်။

"သူတို့ရဲ့ စားစရိတ်တွေ၊ အဆောင်တွေ၊ နေစရိတ်တွေပေါ့နော် အစစအရာရာကို အလုပ်ရှင်တွေက အကုန်ဖြုတ် ပစ်လိုက်ပြီ၊ ဖြုတ်လိုက်တော့ ဒီ ၃၆ဝဝ ထဲက ပြန်သုံးရတယ်၊ အရင်တုန်းကကျတော့ အချိန်ပိုတွေနဲ့ နောက်တစ်ခု က အချိန်ပိုတွေက မခေါ်တော့ဘူးလို့ပြောတယ်၊ အချိန်ပိုတွေ တော်တော်လျော့လိုက်ပြီ၊ နောက်တစ်ခုက အလုပ်ရှင်ဘက်က ဘာလုပ်လိုက်သလဲဆိုတော့ စံချိန်စံညွှန်းတွေနဲ့ အမှီရအောင်လုပ်ခိုင်းတယ်၊ အရင်တုန်းက အထည် ၆ဝဝ ချုပ်ခိုင်းရင် အခုအချိန်မှာ အထည် ၈ဝဝ ကို စံချိန်ချုပ်ခိုင်းပါတယ်၊ ဒီအထည် ၈ဝဝ မပြီးမချင်း ဒီအထည်ချုပ်အလုပ်သမားက ချုပ်ပေရော့ပဲ၊ အထည် ၈ဝဝ မပြီးမချင်းချုပ်လို့ ကိုယ့်အလုပ်ချိန် ၈ နာရီကျော်သွားရင် အချိန်ပိုရလားဆို မရပါဘူး"

အလုပ်သမားအများစုရတဲ့ လစာဟာ နည်းလွန်းပြီး၊ လုပ်ငန်းခွင်လုံခြုံမှု မရှိတဲ့အပြင် အတင်းအဓမ္မ အချိန်ပိုစေခိုင်း တာတွေခံနေရပြီး အချိန်ပိုကြေးမရဘူးလို့လည်း အစီရင်ခံစာမှာပါရှိပါတယ်။

အလုပ်သမားတစ်ဦးက အချိန်ပိုလုပ်ခနဲ့ ဆုကြေးအပါအဝင်တစ်လ ပျှမ်းမျှလုပ်ခ တစ်သိန်းနှစ်သောင်းကျော် ရရှိပေမယ့် အစားအသောက်၊ ဆေးဝါးနဲ့ သွားလာရေးကုန်ကျစရိတ်တွေကြောင့် ကြွေးမှီးတင်နေတဲ့ အလုပ်သမားတွေက များတယ်လို့ ပါရှိပါတယ်။

အစီရင်ခံစာကို Oxfam အဖွဲ့နဲ့ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (CCTU) ၊၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ Action Labour Right(ALR) ၊ အလုပ်သမားအခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဒဂုံမြို့နယ်၊ ရွှေလင်ဗန်း၊ မင်္ဂလာဒုံ၊ ပဲခူး၊သီလဝါနဲ့ လှိုင်သာယာမြို့နယ်တွေက စက်ရုံ ၂၂ ရုံက  အမျိုးသမီး အထည်ချုပ်အလုပ်သမားတွေကို အဓိကထားမေးမြန်းကောက်ခံခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မရွှေရည်မဉ္ဇူ  တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။