Failed Law လှုပ်ရှားမှုမှာ ပြည်သူတွေ ပါဝင်ဖို့ အကြံပြု
2015.09.07

မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုမရှိတဲ့အတွက် ကျောင်းသူ ကျောင်းသားတွေရဲ့ Failed Law လှုပ်ရှားမှု မှာ ပြည်သူတွေလည်း ပါဝင်သင့်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ၈၈ ရုံးခန်းမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ တကသ အဖွဲ့တွေ ပူးပေါင်းပြီး Failed Law လှုပ်ရှားမှု စတင်ရာမှာ ကိုမင်းကိုနိုင်က ပြောခဲ့တာဖြစ်ပါတယ်။
"ပြည်သူအများစုပေါ့ အားလုံးနီးပါးခံစားနေရတာ အဲတော့ အားလုံးပါဝင်သင့်တယ်၊ ပါဝင်သင့်တယ်လို့ဆိုတဲ့နေရာ မှာ ထင်ရှားတဲ့သူတွေလည်းပါဝင်သလို သာမာန်ပေါ့ ဒီဟာကိုခံစားနေရတဲ့သူတွေလည်း ပါဝင်သင့်တယ်၊ ဥပဒေပြုအာဏာဆိုတာ ဘယ်သူတွေကရရမှာလဲ၊ ပြည်သူလူထုရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက ဥပဒေ ကိုရေးဆွဲရမှာ ပြဌာန်းရမှာလေ၊ သူ့အနှစ်သာရကဘာလဲ လူတွေကို အကာအကွယ်ပေးနိုင်ဖို့အတွက် ဥပဒေ ထုတ်တာ၊ မတရားမှုတွေပယ်ဖျက်ဖို့ ဥပဒေထုတ်တာ၊ အဲ့လိုမဟုတ်ဘဲ လူတွေကို ဝန်ထုပ်ဝန်ပိုး နိုင်ငံသားတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အနိုင်ကျင့်မယ့်အရာတွေပဲ ထွက်လာတယ်ဆိုရင်တော့ ဒါအလုပ်မဖြစ်ဘူး"
လွှတ်တော်ထဲမှာ ဥပဒေပညာရှင်အနည်းငယ်သာ ပါဝင်ပြီး စီးပွားရေးသမားတွေ အများစု ပါဝင်နေတာကြောင့် ကိုယ်ကျိုးစီးပွားကိုပဲ ကာကွယ်နေကြပြီး သာမန်ပြည်သူတွေကို အကာအကွယ်မပေးနိုင်ဘူးလို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။
Failed Law လှုပ်ရှားမှုကို တကသအဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အဲဒီလှုပ်ရှားမှုဟာ မတရားတဲ့ ဥပဒေတွေကြောင့် ဖမ်းဆီးထောင်ချခံထားရသူတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။