အရက်တု သောက်မိလို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁၆ ဦး သေဆုံး
2018.09.19

မလေးရှားနိုင်ငံမှာ အရက်တုသောက်မိပြီး သေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁၆ ယောက် ရှိပြီလို့ ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။
မြန်မာအလုပ်သမားတွေဟာ လစာထုတ်ရက်မှာ အရက်သောက်ပြီးနောက် ၂ နာရီအကြာမှာ ရင်ပူပြီး အန်တာ၊ သွေးအန်တာ စတဲ့ ဝေဒနာတွေဖြစ်လာပြီး သေဆုံးရတာ၊ ဆေးရုံတက်ရောက် ကုသခဲ့ရတာတွေရှိတယ်လို့ ဦးစန်းဝင်းက RFA ကို ဒီနေ့ ပြောပါတယ်။
"ပြီးခဲ့တဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေ၊ တနလာၤက မလေးရှားမှာ ပိတ်ရက်ဖြစ်တယ်။ ပိတ်ရက်လည်းဖြစ်၊ လစာ ထုတ်ပြီးတဲ့ရက်ဖြစ်တော့ ပိုက်ဆံရှိကြတယ်။ သူငယ်ချင်းတွေ အားလုံးစုပြီး အရက်တူတူသောက်ကြတယ်။ သောက်ပြီးတာနဲ့ ၂ နာရီလောက်အကြာမှာ ရင်တွေပူတယ်။ ပြီးတော့ ထိုးအန်တယ်။ ထိုးအန်ပြီးရင် သွေး အန်တယ်။ သွေးအန်ပြီးတာနဲ့ နောက်ဆုံးအဆင့်က သေဖို့များသွားပြီ"
ဆေးရုံမှာလည်း လက်ရှိအတွင်းလူနာအနေနဲ့ ကုသမှုခံနေရတဲ့ မြန်မာအလုပ်သမား ၄ ယောက်ရှိတယ်လို့လည်း သိရပါတယ်။
မလေးရှာနိုင်ငံမှာ တရားဝင်ခွင့်ပြုထားတဲ့ အရက်တွေက မလေးရှားငွေ ရင်းဂစ် ၃၅ ကနေ ၄၀ ( မြန်မာငွေ ကျပ် ၁ သောင်း ၃ ထောင်ကနေ ကနေ ၁ သောင်းခွဲအထိရှိကြောင်း၊ အခု မြန်မာအလုပ်သမားတွေ အများစုသောက်တဲ့ အရက်ကတော့ မလေးရှားက တရားဝင်ခွင့်ပြုထားတဲ့ အရက်တွေမဟုတ်ဘဲ မလေးရှားငွေ ရင်းဂစ် ၁၀ လောက် (မြန်မာငွေ ကျပ် ၃ ထောင်) လောက်သာ ပေးရတဲ့ အရက်တွေဖြစ်တဲ့အကြောင်း ဦးစန်းဝင်းက ပြောပါတယ်။
သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေထဲမှာ ချင်း၊ မကွေး၊ ရခိုင်၊ မွန်၊ မန္တလေး စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက အလုပ်လာလုပ်တဲ့သူတွေလို့လည်း သိရပါတယ်။
မလေးရှားအစိုးရရဲ့ ထုတ်ပြန်ချက်မှာတော့ အရက်တုသောက်မိလို့ မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအပါအဝင် လူပေါင်း ၃၀ ကျော် သေဆုံးပြီး အယောက် ၂၀ ကျော် ဆေးရုံတင်ထားရတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် အရက်ဆိုင်တွေကို စီမံချက်တစ်ခုအနေနဲ့ မလေးရှား အစိုးရက ဝင်ရောက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။