သတင်းမှားဖြန့်ဝေမှုတွေကို စောင့်ကြည့်ထိန်းသိမ်းဖို့ အဆိုတင်
2017.10.25
လူမှုကွန်ရက် ဖေ့စ်ဘွတ်မှာ လူမျိုးရေး ဘာသာရေး လှုံံ့ဆော်မှုတွေ၊ သတင်းမှားဖြန့်ဝေမှုတွေ များလာတဲ့အတွက် စောင့်ကြည့်ထိန်းသိမ်းပေးဖို့ တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
အဆိုတင်သွင်းတဲ့ ဂန့်ဂေါမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် က ဖေ့စ်ဘွတ်မှာ အကောင့်အတုတွေနဲ့ ရေးသားဖြန့်ဝေတာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနက ထိန်းကျောင်းနိုင်ဖို့အတွက် တွန်းအားပေးတာဖြစ်တယ်လို့ ပြောပါတယ်။
"ပြည်သူ့အစိုးရတက်တဲ့အချိန်ကစပြီးတော့ လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ လှုံ့ဆော်မှုတွေ အရမ်းများလာတယ်၊ အမုန်းစကားဖြန့်ချီမှုတွေ အရမ်းများလာတယ်၊ နောက်နိုင်ငံကိုဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ထိပါးပြီးတော့ သတင်းအမှားတွေ ဖြန့်ချီမှုတွေ အရမ်းများလာတယ်၊ အဲဒါတွေနဲ့ပတ်သက်ပြီါ်တော့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ လက်ရှိတာဝန်ယူနေတဲ့ အစိုးရအနေနဲ့ ထိန်းကျောင်းမှု တစ်ခုပြုလုပ်ပေးနိုင်ဖို့အတွက် တွန်းအားတစ်ရပ်ဖြစ်ဖို့အတွက် ဒီအဆိုကိုတင်ခဲ့တာဖြစ်ပါတယ်"
ပြည်သူတွေရဲ့ သတင်းမှန်သိပိုင်ခွင့်ကို မထိခိုက်စေဘဲ ထိန်းကျောင်းနိုင်ဖို့အတွက် စောင့်ကြည့်ထိန်းသိမ်းတဲ့ စင်တာတစ်ခု ထားရှိပြီး သတင်းအမှားနဲ့ သတင်းအမှန်တွေကို စစ်ဆေးနိုင်တယ်လို့လည်း ဒေါ်ယဉ်မင်းလှိုင် က ပြောပါတယ်။
ဒေါ်ယဉ်မင်းလှိုင်တင်သွင်းတဲ့ အဆိုဟာ “လူငယ်လူရွယ်တွေ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာတည် ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ဖို့ အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” ဖြစ်ပါတယ်။
အဲဒီအဆိုနဲ့ ပတ်သက်ပြီး လသာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မို့မို့အောင်က ပြည်သူတစ်ဦးချင်းစီရဲ့ သတင်းမှန်သိပိုင်ခွင့်ကို မထိခိုက်စေဘဲ ပံ့ပိုးပေးမယ့်အဆိုဖြစ်တဲ့အတွက် ထောက်ခံတာလို့ ပြောပါတယ်။
အဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက မနက်ဖြန်မှာ နာမည်စာရင်းပေးရမှာဖြစ် ပါတယ်။