ဖလမ်းမြို့နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဆေးမြစ်ရှာတဲ့ အမျိုးသမီးတစ်ဦးသေဆုံး

RFA Burmese
2023.10.18
ဖလမ်းမြို့နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဆေးမြစ်ရှာတဲ့ အမျိုးသမီးတစ်ဦးသေဆုံး ဖလမ်းမြို့နယ် ဇောင်လေးရွာ မိုင်းနင်းမိသည့် ဒေါ်ဗျက်ဇနဲမ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ် သူဖေးရွာအနီးမှာ အောက်တိုဘာလ ၁၈ ရက် ဒီနေ့မနက်ပိုင်းက တောထဲ ဆေးမြစ်သွားရှာတဲ့ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ဖလမ်းမြို့နယ်၊ ဇောင်လေးရွာမှာနေထိုင်တဲ့ အသက် ၅၀ နှစ်အရွယ် ဒေါ်ဗျက်ဇနဲမ် (Pi Biak Za Nem) ဖြစ်ပြီး ဆေးမြစ်တွေရှာဖွေကာ ပြန်လည်ရောင်းချနေရသူဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒေါ်ဗျက်ဇနဲမ်မှာ သားသမီး ခြောက်ဦးကျန်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တောထဲမှာ ဆေးပင်ရှာဖို့သွားတာ။ ကားလမ်းဘေးကနေ အတက်ပဲရှိသေးတယ် နင်းမိတာ။ ခြေထောက်တစ်ဖက်က ကြေမွသွားတယ်၊ ဘယ်ဘက်ခြေထောက်က ဒူးအောက်ကနေ ပြတ်သွားတာ။ သွေးထွက်လွန်ပြီး သေတယ်လို့လည်း ပြောကြတယ်၊ ပွဲချင်းပြီးသေတယ်လို့လည်း ပြောကြတယ်။ သေချာမသိဘူး။ သူ့မှာ သားသမီး ခြောက်ယောက် ကျန်ခဲ့တယ်”

မိုင်းပေါက်ကွဲခဲ့တဲ့ သူဖေးရွာအ၀င်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတာကြောင့် အဲဒီမိုင်းဟာ စစ်ကောင်စီတပ်က ထောင်ထားတဲ့မိုင်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတွေ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရ လူမှုရေး၀န်ကြီး ဦးကျော်စိုး၀င်းကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ဗားရ်ရွာအနီးက မဏိပူရ်မြစ်ကမ်းမှာ အသက် ၅၂ နှစ်အရွယ် ဦးငွန်ကစ်ခွေလ်း မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ် အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်း အပါအဝင် စစ်ကောင်စီတပ်ရဲ့ မိုင်းတွေကြောင့် အရပ်သား နှစ်ဆယ်ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က စက်တင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။