တပ်ကဖမ်းထားသူ နှစ်ဦး အခြေအနေ ထုတ်ပြန်ပေးဖို့ မိသားစုတောင်းဆို
2020.06.30
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာက အသက် ၅၇ နှစ်အရွယ် ဦးထွန်းရွှေနဲ့ အသက် ၃၄ နှစ် အရွယ် ဦးကွန်ချုပ်မောင်တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပလက်ဝမြို့နယ် နှမဒါကျေးရွာကို ဈေးရောင်းဖို့စက်လှေနဲ့သွားစဉ် တင်းမကျေးရွာမှာ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်တာလို့ မိသားစုက ပြောပါတယ်။
သူတို့နှစ်ဦးနဲ့ပတ်သက်လို့ ဒီနေ့အချိန်လေးလကျော်ကြာလာတဲ့အထိ တိတိကျကျမသိရတဲ့အတွက် တပ်မတော် တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပေးဖို့အတွက် မိသားစုဝင်တွေက ဒီနေ့ စစ်တွေမြို့မှာ သတင်းသမားတွေနဲ့ တွေ့ဆုံပြီး တောင်းဆိုခဲ့ကြတာပါ။
ဖမ်းဆီးခံထားရတဲ့ ဦးကွန်ချုပ်မောင်ရဲ့ဇနီး ဒေါ်လှသိန်းမေက သူ့အမျိုးသားဟာ အသက်ရှင်လျက်ရှိနေသေး သလား၊ သေဆုံးသွားပြီလားဆိုတာကို သတင်းထုတ်ပြန်ပေးဖို့ တောင်းဆိုချင်တယ်လို့ပြောပါတယ်။
“သတင်းစာမှာတက်တဲ့အတိုင်းဆိုလည်း သေသွားပြီလို့မှတ်ပါတယ်။ သူသေသွားတာကို ကိုယ့်မျက်စိက မမြင် ရတော့ တနေ့တချိန်ပြန်လာမလားလို့ စိတ်ကတော့ထင်နေတယ်။ သေသွားတာကို ကိုယ့်မမျက်စိနဲ့ မမြင် လိုက်ဘူး။ သတင်းစာမှာတက်မှသိရတာ။ သူသေသွားပြီဆိုရင်လည်း အလောင်းကိုပြဖို့ ကျွန်မတောင်းဆို ချင်ပါတယ်။ အခုက သေမှန်းလည်းမသိဘူး။ သူတို့ဘာလုပ်ပစ်တာလဲဆိုတာလည်းမသိဘူး။ ကျွန်မတို့ခံစား ရတယ်။ အခုသားသမီးတွေကလည်း အဖေဘယ်တော့ပြန်လာမလဲမေးနေကြတယ်။ သူများတွေဟာ အဖေ အဖေခေါ်နေတာမြင်တော့ ကလေးတွေလည်း လာလာမေးတယ်။ အဲဒါကို စိတ်ထဲမှာမခံစားနိုင်ဘူး”
ဖေဖော်ဝါရီလ ၂၉ ရက်နေ့ထုတ် ရတနာပုံသတင်းစာထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းထားစဉ် ဦးထွန်းရွှေဟာ သွေးတိုး၊ ဆီးချို၊ အစာအိမ်ရောဂါတွေနဲ့ သေဆုံးသွားသလို ဦးကွန်ချုပ်မောင်ဟာလည်း ရေဓာတ်အားနည်းပြီး အရက်စွဲရောဂါနဲ့ သေဆုံးသွားတယ်လို့ ဖော်ပြပါရှိပါတယ်။
ဒါပေမဲ့ မိသားစုဝင်တွေက သူတို့ရဲ့အမျိုးသားတွေမှာ ဒီလိုမျိူးရောဂါတွေမရှိတာကြောင့် ဒါဟာ လုပ်ကြံ ရေးသားထားတဲ့သတင်းသာဖြစ်တယ်လို့ ဒီနေ့တုံ့ပြန်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပလက်ဝမြို့နယ်ထဲကို ဈေးရောင်းဖို့သွားတဲ့ စက်လှေနဲ့ အခြားစက်လှေ တစ်စီးမှာ ဦးထွန်းရွှေနဲ့ ဦးကွန်ချုပ်မောင်တို့အပါအဝင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၃ ဦး လိုက်ပါလာခဲ့ ကြတာဖြစ်ပါတယ်။
အဲဒီအထဲက အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး ၁၃ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး အမျိုးသား ကိုးဦး ဖမ်းဆီးခံ လိုက်ရတာပါ။
အဲဒီ ကိုးဦးအထဲက ခုနှစ်ဦးကို မတ်လ ၄ ရက်နေ့မှာ တပ်မတော်က ကျောက်တော်မြို့မရဲစခန်းကို အပ်နှံ လိုက်ပေမယ့် ဦးထွန်းရွှေနဲ့ ဦးကွန်ချုပ်မောင်တို့ နှစ်ဦးကတော့ ပါမလာခဲ့ပါဘူး။
မတ်လ ၄ ရက်နေ့မှာ တပ်မတော်က ရဲစခန်းကို လာရောက်အပ်နှံသူ ခုနှစ်ဦးထဲက အသက် ၇၃ နှစ်အရွယ် ဦးမောင်ဖြူထွန်းကတော့ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေနဲ့ အဲဒီနေ့ညမှာပဲ ကျောက်တော်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သားဖြစ်သူ ကိုကျော်ကျော် က RFA ကိုပြောဆိုခဲ့ပါတယ်။
တပ်မတော်က ဖမ်းဆီးထားသူတွေအထဲက ဦးထွန်းရွှေရဲ့ဇနီး ဒေါ်ယဉ်သာနု ကတော့ တပ်မတော်က ဥပဒေမဲ့လုပ်တာတွေ မဖြစ်စေချင်ဘူးလို့ သတင်းထောက်တွေကိုပြောပါတယ်။
“နောက်နောင်လူတွေကို ဒီလိုမရက်စက်ပါနဲ့ မနှိပ်စက်ပါနဲ့ အခုကျွန်မတို့ယောကျာ်းတွေကို ဥပဒေမဲ့ သတ်သလို မသတ်စေချင်ဘူး။ တော်တော်လေးကို ခံစားရပါတယ်။ ကျွေးမွေးပြုစုနေတဲ့ အိမ်ထောင်ရှင် တစ်ယောက် မရှိတော့ဘူးဆိုတော့ သားသမီးနောင်ရေးအတွက် စိုးရိမ်တယ်။ တွေဝေနေတယ်”
အခုလို သတင်းအစအနမရတော့ပဲ ဖမ်းဆီးခံရသူတွေကို စုံစမ်းပြီး အပြစ်မရှိရင် ပြန်လွှတ်ပေးဖို့အတွက် စစ်တွေမြို့အခြေစိုက် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ စာပေးပို့တင်ပြခဲ့ပါတယ်။
ဒါပေမဲ့ ကော်မရှင်အနေနဲ့ ဒီနေ့အထိ တစ်စုံတစ်ရာအကြောင်းပြန်တာမရှိဘူးလို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဒါရိုက်တာ ဦးမြတ်ထွန်း ကပြောပါတယ်။
“မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုပဲ ကျွန်တော်တို့ အဓိကတိုင်ကြားတာရှိတယ်။ အခုလည်း ကျောက်တော်မြို့နယ်က ဒေါ်ယဉ်သာနုရဲ့အမျိုးသား ဦးထွန်းရွှေ သေဆုံးမှုနဲ့ပတ်သက်လို့ ၂၀၂၀ ခုနှစ် မတ် လ ၂၃ ရက်နေ့ကနေ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ကျွန်တော်တို့ တိုင်ကြားထားပြီး သားဖြစ်တယ်။ ကွန်ချုပ်မောင် ဆိုတဲ့လူကိုလည်း သူနဲ့အတူတူဖမ်းသွားတယ်။ အဲဒါကိုလည်း မတ်လ ၂၃ ရက်နေ့က တင်ထားတာရှိတယ်။ ဒါပေမဲ့ ဒီနေ့အချိန်အထိ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ကနေပြီးတော့ လာပြီး ကျွန်တော်တို့ကို ပြန်ကြားတာလည်းမရှိဘူး အကြောင်းတာလည်းမရှိဘူး”
တိုင်ကြားချက်အပေါ် အချိန် ၃ လကျော်ကြာတဲ့အထိ အကြောင်းမပြန်တဲ့ကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးကို RFA က ဒီနေ့ညနေပိုင်းမှာ တယ်လီဖုန်း ကနေတဆင့် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
တပ်မတော်က ဖမ်းဆီးတာကိုခံထားရတဲ့ ဦးထွန်းရွှေနဲ့ ဦးကွန်ချုပ်မောင် တို့နှစ်ဦးကိစ္စအပေါ် မိသားစုဝင်တွေ တောင်းဆိုချက်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဒီနေ့ညနေ ၅ နာရီအထိ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။
ရခိုင်မြောက်ပိုင်းမှာ သေဆုံး၊ ဒဏ်ရာရတဲ့ အရပ်သား အရေအတွက်ဟာလည်း တဖြည်းဖြည်းများလာနေပါတယ်။
RFA ကစုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အရပ်သားထိခိုက်သေဆုံးတာတွေဟာ နေ့စဉ်လိုလိုရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့ကဇွန်လ ၂၉ ရက်နေ့အထိ ထိခိုက်ဒဏ်ရာရသူ ၅၇၆ ဦးနဲ့ သေဆုံးသူဟာ ၂၆၆ ဦးအထိရှိပါတယ်။