ပုဏ္ဏားကျွန်းမှာ ဖမ်းဆီးခံရတဲ့ ဆန်စက်ပိုင်ရှင် AA နဲ့ပတ်သက်မှုမရှိကြောင်း မိသားစုတုံ့ပြန်
2020.09.05
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာက ဆန်စက်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အသက် ၅၀ ခန့်အရွယ် ဦးရဲကျော်ထွန်းဟာ AA အဖွဲ့အတွက် ရိက္ခာသိုလှောင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သြဂုတ်လ ၃၁ ရက်နေ့က တပ်မတော်က ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ ဖမ်းဆီးခံရပြီး နှစ်ရက်အကြာမှာ စစ်တွေမြို့မရဲစခန်းကို တပ်မတော်ဘက်က လွှဲပြောင်းပေးခဲ့ပါတယ်။ ဦးရဲကျော်ထွန်းဟာ စစ်တွေရဲစခန်းမှာပဲ အခုချိန်ထိ ဆက်ပြီးချုပ်နှောင်ခံနေရပါတယ်။ ဦးရဲကျော်ထွန်းဟာ ရင်ဘတ်အောင့်ဝေဒနာဖြစ်ပေါ်လာလို့ ရဲစခန်းကနေ ဆေးခန်းပြရတယ်လို့ ဦးရဲကျော်ထွန်းရဲ့ အစ်ကိုဖြစ်သူ ဦးမောင်သန်းမြင့်က RFA ကိုပြောပါတယ်။
“လူကိုတော့ တွေ့လို့မရဘူးခင်ဗျ။ ပစ္စည်းတွေ၊ လိုအပ်တာတွေကိုတော့ သွားပေးလို့ရတယ်။ ရဲစခန်းကလည်း အကူအညီပေးပါတယ်။ ကိုဗစ်-၁၉ ကိစ္စနဲ့ လူချင်းတွေ့လို့မရဘူးလို့ ပြောပါတယ်။ စက်တင်ဘာ ၂ ရက်နေ့ သူရဲစခန်းကို ရောက်တဲ့အချိန်တော့ ရဲစခန်းကပြောတာက သူ့ရင်ဘတ်နည်းနည်းအောင့်တယ်လို့ ပြောတယ်။ ဆေးရုံကိုတော့ ရဲစခန်းကလိုက်ပို့တယ်လို့ ပြောပါတယ်။”
ဦးရဲကျော်ထွန်းဟာ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး တပ်မတော်ကဖမ်းဆီးသွားပြီးနောက် အခုလို ရင်ဘတ်အောင့်ဝေဒနာဟာ ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့်လားဆိုတာကို သူနဲ့တိုက်ရိုက်တွေ့ဆုံပြီး မေးမြန်းဖို့လိုအပ်တယ်လို့ ဦးမောင်သန်းမြင့်ကဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က စပါးထားရွာကိုရောက်ရှိလာတဲ့ တပ်မတော်စစ်ကြောင်းဟာ လူဦးရေစာရင်း စစ်ဆေးပြီးနောက် ဦးရဲကျော်ထွန်းကိုဖမ်းဆီးပြီး သူရဲ့ ဆန်စက်ထဲက ဆန်အိတ် ၇၃ အိတ်ကို တပ်မတော် ရေယာဉ်ပေါ်တင်ပြီး သိမ်းယူသွားကြောင်း မိသားစုက RFA ကိုပြောဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ချက်မှာ သူ့ရဲ့နေအိမ်ကနေ AA အဖွဲ့ရဲ့ရိက္ခာအတွက် သိုလှောင်ထားတဲ့ ဆန်အိတ် ၈၀ ကိုတွေ့ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကတော့ ဦးရဲကျော်ထွန်းကိစ္စဟာ သူတို့နဲ့ပတ်သက်မှု မရှိကြောင်း၊ ဒါဟာ လုပ်ကြံဖန်တီးပြီး စွပ်စွဲချက်သာဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့တုန်းက RFA ကို ပြောဆိုထားပါတယ်။
ဦးရဲကျော်ထွန်းဟာ AA အဖွဲ့နဲ့ပတ်သက်မှုမရှိသလို တပ်မတော်ကသိမ်းယူသွားတဲ့ ဆန်အိတ်တွေဟာလည်း ရောင်းချဖို့နဲ့ အခကြေးငွေယူပြီး ကြိတ်ပေးထားတဲ့ ဆန်အိတ်တွေဖြစ်တာကြောင့် ပြန်လွှတ်ပေးဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို ဦးရဲကျော်ထွန်းရဲ့ မိသားစုစက်တင်ဘာလ ၂ ရက်နေ့က သီးသန့်တွေ့ဆုံပြီး တောင်းဆိုခဲ့ကြပါတယ်။
ဦးရဲကျော်ထွန်း ပြန်လည်လွတ်မြောက်ရေး ဝန်ကြီးချုပ် ဦးညီပုကို မိသားစုက တောင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တပ်တော်ရဲ့တုံ့ပြန်ချက်ကို သိနိုင်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က စက်တင်ဘာလ ၂ ရက်နေ့မှာ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ တပ်မတော်အနေနဲ့ သတင်းထုတ်ပြန်ပြီးဖြစ်တာကြောင့် ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီသာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ပဲ ပြန်ဖြေခဲ့ပါတယ်။
ဦးရဲကျော်ထွန်းကို ဖမ်းဆီးခံရပြီးနောက်တရက် စက်တင်ဘာလ ၁ ရက်နေ့မှာပဲ ဦးရဲကျော်ထွန်း ကိစ္စနဲ့ပတ်သက်ပြီး စပါးထားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းစိုးဟာ တပ်မတော်က ဖမ်းဆီးတာကို ခံရပြန်ပါတယ်။ သူ့ကို တစ်ရက်ကြာဖမ်းဆီးပြီး နောက်တစ်နေ့မှာ ပြန်လွတ်လာပါတယ်။ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းစိုးကို RFA က ဖုန်းနဲ့ တိုက်ရိုက်မေးမြန်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဦးမောင်သိန်းစိုးရဲ့ တူဖြစ်သူ ကိုကျော်ခိုင်ကတော့ ဦးမောင်သိန်းစိုးကို တပ်မတော်ကဖမ်းဆီးပြီးနောက် ဦးရဲကျော်ထွန်းနဲ့အတူဖမ်းမိတဲ့ ဆန်အိတ်တွေဟာ AA အဖွဲ့ရဲ့ ရိက္ခာတွေဆိုပြီး ဦးမောင်သိန်းစိုးကို အတင်းအဓမ္မထွက်ဆိုခိုင်းခဲ့တယ်လို့ ပြောပါတယ်။
“သူ့ကိုခေါ်သွားပြီးတော့ ကာရန်းနဲ့တိုက်ပြီးတော့ နှိပ်စက်တယ်။ AA နဲ့ပတ်သက်တဲ့ အကြောင်းတွေကို မေးမြန်းပြီးတော့ ဒါဟာ AA နဲ့ပတ်သက်နေတယ်လို့ ဝန်ခံခဲ့ရတယ်တဲ့။ အဲဒီဆန်အိတ်တွေက AA ကလည်းပါတယ်။ ကိုယ့်ရဲ့ဆန်အိတ်တွေလည်း တစ်ဝက်ပါတယ်ဆိုပြီး ပြောခဲ့ရတာတဲ့။ သူ့ကိုနှိပ်စက်နေတော့ သူလည်း မခံမရပ်နိုင်လို့ ပြောခဲ့ရတာပေါ့။ အသားကိုမှ အနာမခံနိုင်တာ၊ အသက်ကိုလည်း အသေမခံနိုင်ဘူးလေ။ ဦးရဲကျော်ထွန်းကိုလည်း နှိပ်စက်နေတဲ့ အသံတွေကို ကြားခဲ့ရတယ်တဲ့။”
တပ်မတော်ကဖမ်းဆီးထားတုန်း ဦးမောင်သိန်းစိုးဟာ ညှဉ်းပန်းနှိပ်စက်မှုကိုခံခဲ့ရပြီး အတင်းအဓမ္မထွက်ဆိုခိုင်းတာကိုလည်း ခံခဲ့ရတယ်လို့ မိသားစုဝင်တွေကို ပြန်ရှင်းပြခဲ့ကြောင်း တူဖြစ်သူ ကိုကျော်ခိုင်က RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးပြီးနောက် ညှဉ်းပန်းနှိပ်စက်ခံရတဲ့ဖြစ်စဉ်တွေဟာ သာမန် လုပ်ရိုးလုပ်စဉ် တစ်ခုလိုဖြစ်လာနေပြီး ဒီဖြစ်ရပ်တွေအပေါ် တာဝန်ရှိသူတွေက အရေးယူကြပ်မတ်တာမရှိဘူးလို့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ရှေ့နေ ဦးဇော်ဇော်မင်းကပြောပါတယ်။
“စစ်တပ်ကနေဖမ်းဆီးတဲ့အချိန်မှာ ညှဉ်းပန်းနှိပ်စက်တာတွေ ကျွန်တော်တို့ဆီ တိုင်ကြားလာတဲ့ အမှုတော်တော်များများမှာ တွေ့ရှိရပါတယ်။ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုနဲ့ စွပ်စွဲထားတဲ့အမှုတွေလည်း ရှိပါတယ်။ အဲဒီစွပ်စွဲထားတဲ့အမှုတွေကို တရားရုံးရောက်လာတဲ့အခါမှာ ညှဉ်းပန်းနှိပ်စက်ခဲ့တာတွေ ဒဏ်ရာတွေရလာခဲ့ကြတာ တွေ့ရတယ်။ တချို့ဆိုရင် ညှဉ်းပန်းနှိပ်စက်ခံရပြီးတော့ တရားမစွဲဆိုမီ သေဆုံးသွားတယ်။ တချို့ဆို တရားစွဲဆိုထားတယ် ဒါပေမဲ့ အလောင်းပဲ ရောက်လာတယ်။ အစိုးရကသော်လည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ကသော်လည်းကောင်း အောက်ခြေမှာဖြစ်နေတဲ့ဟာတွေကို ထိန်းကွပ်တာ မတွေ့ရဘူး။ ညှဉ်းပန်းနှိပ်စက်တဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ရခိုင့်လူ့အခွင့်အရေးအဖွဲ့ကလည်း အမျိုးသားလူ့အခွင့် အရေးကော်မရှင်ဆီမှာ တိုင်တန်းခဲ့တဲ့အမှုတွေရှိပါတယ်။ ဒါပေမဲ့ တစ်ခါမှ ထိရောက်တဲ့တုံ့ပြန်မှုတွေ မရှိခဲ့ပါဘူး။”
ဦးရဲကျော်ထွန်းဟာ AA အဖွဲ့ရဲ့ရိက္ခာကို သိုလှောင်းထားတယ်ဆိုတဲ့အကြောင်းနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးကို ဖမ်းဆီးနှိပ်စက်ပြီးတော့ အတင်းအဓမ္မ ထွက်ဆိုခိုင်းတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ကမေးမြန်းဖို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
လက်ရှိမှာ ဦးရဲကျော်ထွန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ စက်တင်ဘာလ ၃ ရက်နေ့က စစ်တွေမြို့မှာ ချုပ်ရမန် ယူထားပါတယ်။
ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်း ဟာ တပ်မတော်ရဲ့ဖမ်းဆီးတာကိုခံရတာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးစစ်ဆေးခံခဲ့ရတာ စတဲ့ဖြစ်ရပ်တွေကြောင့် စပါးထားကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ ကျော်နေထိုင်ကြပြီး တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ကျေးရွာသားတွေက RFA ကို ပြောပြကြပါတယ်။