လယ်သမားအရေး လှုပ်ရှားသူများ ပြည်ထောင်စု ဝန်ကြီးများနှင့်တွေ့


2013.09.29

မြန်မာနိုင်ငံက တောင်သူလယ်သမားတွေ လောလောဆယ် အချိန်ကာလမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးတွေနဲ့ လယ်သမားအရေး လှုပ်ရှားသူတွေ ဒီနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့မနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိမ်း၊ ဦးအုန်းမြင့်တို့နဲ့ လယ်သမားအရေး လှုပ်ရှားသူတွေ တွေ့ဆုံခဲ့ကြတာပါ။

ဆွေးနွေးပွဲ တက်ရောက်လာတဲ့ လယ်သမားအရေးလှုပ်ရှားသူတွေ တင်ပြကြတဲ့ အခက်အခဲတွေကို နိုင်ငံတော်သမ္မတဆီ တင်ပြပြီး ကြိုးစားဖြေရှင်းပေးသွားမှာဖြစ်ကြောင်း ဝန်ကြီးတွေက ကတိပေးသွားတယ်လို့ လယ်သမားအရေးဆောင်ရွက်သူ မစုစုနွေးက ပြောပါတယ်။

" လယ်သမားတွေရဲ့ အခက်အခဲ ပြဿနာ အရပ်ရပ်တွေကို လယ်သမားအရေး ဆောင်ရွက်တဲ့သူတွေက တစ်ယောက်ချင်းဆီပေါ့နော် ကြုံတွေ့နေရတဲ့ လယ်သမားတွေရဲ့ နစ်နာချက်တွေ အောက်ခြေမှာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ပူးပေါင်းဆောင်ရွက်မှုတွေ မရှိလို့ အခက်အခဲ ပြဿနာမျိုးတွေ ရှိတယ်ဆိုတာ တင်ပြတယ်ပေါ့၊ ဝန်ကြီးတွေကနေ ဒါကိုလည်း သူတို့သိချင်ပါတယ်ဆိုတာမျိုး အပြန်အလှန်ဆွေးနွေးကြတာ သူတို့ ဝန်ကြီးတွေအနေနဲ့ တက်နိုင်တဲ့ဘက်ကနေ သူတို့ဆောင်ရွက်ပေးမယ်ပေါ့၊ လယ်သမားတစ်ဦးချင်းစီရဲ့ ဆကဏ္ဍကိုလည်း သူတို့ သမ္မတဆီကို တင်ပေးမယ်ပေါ့၊ နောက်သူတို့နဲ့ လည်းဆက်သွယ်ပြီးတော့ စာတွေ ပို့ဖို့ကိုလည်း ပြောပါတယ်"

ဒါ့အပြင် အစိုးရနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ လယ်သမားကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ ပူးပေါင်းပြီး မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တောင်သူလယ်သမားသမဂ္ဂ ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ကို မစုစုနွေးက တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို တိုင်းနဲ့ပြည်နယ်အတော်များများက လယ်သမားအရေးဆောင်ရွက်သူတွေ၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အဖွဲ့ချုပ်၊ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအလုပ်သမား အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းတို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။