မကွေးတိုင်း လယ်သမား ၂၀၀ မြေယာလျော်ကြးရဖို့ ဆန္ဒပြ
2014.06.15
မကွေးတိုင်းဒေသကြီးက သိမ်းဆည်းခံလယ်မြေတွေကို လျော်ကြေးပေးဖို့ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာက လယ်သမား ၂၀၀ ကျော်လောက်ဟာ မကွေးမြို့ပေါ်က ကန်သာကန်ဘောင်မှာ ဒီနေ့ စုပေါင်းဆန္ဒပြကြပါတယ်။
မကွေးတိုင်းဒေကြီးအတွင်းက လယ်မြေဧက ၄၀၀၀ ကျော်ကို ၂၀၀၇ ခုနှစ်လောက်က စတင်ပြီး မီးရထားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ မကွေးလေတပ်စခန်းနဲ့ မကွေးဆေးတက္ကသိုလ် အစရှိတဲ့ ဌာနဆိုင်ရာတွေက သိမ်းဆည်းခဲ့တာမှာ အခုထိ လျော်ကြေးမရရှိခဲ့ဘူးလို့ ပြောကြပါတယ်။
မကွေးမြို့နယ်ထဲမှာ လယ်တွေသိမ်းဆည်းခံထားရတဲ့ ကျေးရွာပေါင်း ၁၅ ရွာရှိပြီး ဒဟတ်ကန်၊ နွားကူး၊ ဆားဒိုင်ကန်၊ သန်းတောကုန်း၊ ကြာကန် စတဲ့ကျေးရွာတွေ ဖြစ်ကြပါတယ်။
ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ မကွေးမြို့နယ် ဒဟတ်ကန်ရွာက လယ်သမား ဦးမောင်ဦးက အခုလို ပြောပါတယ်။
"မြေတွေဟာ သိမ်းဆည်းထားတဲ့အတွက် ကျနော်တို့ တောင်သူက မြေတွေကိုလုပ်စားမှ တောင်သူလို့ဖြစ်တာ ကိုး၊ မြေတွေက လုပ်စားစရာမရှိတော့ ကျနော်တို့မှာ တောင်သူဆိုတာလည်း မရှိတော့ဘူး၊ အဲတော့ သူများခိုင်းတဲ့အလုပ်လုပ်စားနေကြတယ်"
အဲ့ဒီလယ်ယာမြေတွေဟာ ၂၀၀၇ ခုနှစ်မှာ ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းဖို့အတွက်နဲ့ ၂၀၁၀ ခုနှစ်မှာ နတ်မောက်-မကွေး ရထားလမ်းဖောက်လုပ်ဖို့အတွက် အများဆုံးသိမ်းဆည်းခံခဲ့ရတာဖြစ်ပါတယ်။
ဆန္ဒပြဖို့အတွက် ခွင့်ပြုမိန့်တောင်းခံခဲ့ပေမယ့် မြို့နယ်ရုံးက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။ ဒီကနေ့ဆန္ဒပြတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး မေလ ၂၁ ရက်နေ့က ကြာကန်ကြီးကျေးရွာမှာ ပထမအကြိမ် ခွင့်ပြုမိန့်နဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အဲ့ဒီဆန္ဒပြပွဲကို ဦးဆောင်တဲ့ ကြာကန်ကျေးရွာက ကိုဇော်မင်းထိုက်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။