သိမ်းဆည်းမြေပြန်ရရေး မန္တလေးမှာ တောင်းဆို
2016.07.14

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ထုံးဘိုအကျဉ်းဦးစီးဌာနရဲ့ ကျောက်ထုတ်လုပ်ရေးစခန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက ပိုလျှံတဲ့မြေတွေကို ပြန်လည်ရယူလိုကြောင်း ဒေသခံတောင်သူတွေ က တောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ မန္တလေးမြို့ မီဒီယာစင်တာမှာ ထုံးဘိုကျေးရွာက တောင်သူတွေဟာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပိုလျှံမြေ ဧက ၁၀၀ လောက်ကို ပြန်လည်ရယူလိုတာဖြစ်တယ်လို့ တောင်သူ ဦးအောင်မြင့် က ပြောပါတယ်။
"ကျန်တဲ့မြေတွေကို နှစ်စဉ်လေလံတင်ပြီးတော့ မြေကြီးတွေကို အငှားချတာပေါ့၊ အဲ့အတွက် ကျနော်တို့ က ပြန်လိုချင်တယ်၊ လက်ရှိအသုံးချတဲ့မြေတွေပေါ့ဗျာ၊ အရင်တုန်းက ကျနော်တို့ကိုပေးတာက သီးနှံလျော်ကြေးပေး တာ၊ မြေလျော်ကြေးမရှိပါဘူး၊ အဲ့တော့ တကယ်သူတို့ အသုံးချတဲ့မြေတွေကိုလည်း အသိမ်းခံရတဲ့ တောင်သူတွေ အနေနဲ့ ထိုက်သင့်တဲ့တန်ကြေးလေး သတ်မှတ်ပြီးတော့ ပြန် ပြီးတော့ ဆောင်ရွက်ပေးစေချင်တာပေါ့၊ အသုံးမချတဲ့မြေတွေကိုတော့ ပိုင်ရှင်တွေကို ပြန်ပေးစေချင် တာပေါ့"
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ထုံးဘိုကျေးရွာက တောင်သူ ၅၀ ကျော်ပိုင်ဆိုင်တဲ့ ယာမြေဧက ၂၀၀ နီးပါးလောက် ကို ၁၉၈၀ ခုနှစ်မှာ ရဲဘက်ကျောက်ထုတ်စခန်း တည်ဆောက်ဖို့ဆိုပြီး သိမ်းဆည်းခဲ့တာ ဖြစ်ပါတယ်။
သိမ်းဆည်းစဉ်ကာလက အကျဉ်းဦးစီးဌာနက မြေယာလျော်ကြေးအဖြစ် လျော်ကြေးမပေးခဲ့ပေမယ့် သီးနှံလျော်ကြေး အနေနဲ့တော့ ဇီးပင်တစ်ပင်ကို ၂၅ ကျပ်နှုန်း၊ သရက်တစ်ပင်ကို ၇၅ ကျပ်နှုန်းနဲ့ ပေးလျော်ခဲ့ ပြီးဖြစ်တယ်လို့ သိရ ပါတယ်။