ဖယ်ခုံတောင်သူတွေ လယ်မြေပြန်တောင်း


2016.04.09
farmers-press-shan-state-620.jpg ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ကယားပြည်နယ် လွိုင်ကော်မြို့က ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂရုံးမှာ ဧပြီလ ၉ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Nay Thwae/ RFA

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက သိမ်းယူထားတဲ့ လယ်ယာမြေဧက ၂၀၀ ကျော်ထဲက ဧက ၁၀၀ ကိုသာ ပြန်ပေးမယ်လို့ တပ်မတော်က ပြောထားတဲ့အတွက် အားလုံးပြန်လည်ပေးအပ်ဖို့ တောင်သူတွေက တောင်းဆိုလိုက်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့က ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂရုံးမှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်သူ ကိုအောင်မျိုးခန့် က အခုလို ပြောပါတယ်။

"အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ညွှန်ကြားချက်နဲ့ မညီပဲနဲ့ ဧကတချို့တဝက်ကိုပဲ စွန့်လွှတ်မယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့ အနေနဲ့ တပ်ပိုင်းဆိုင်ရာ အထက်ပုဂ္ဂိုလ်တွေပေါ့၊ ကာကွယ်ရေးဦးစီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ပြန်လည်သိရှိအောင်၊ အရေးတယူပြန်လည်ဆောင် ရွက်အောင် အောက်ခြေတပ်ရင်းကို မှန်မှန်ကန်ကန်ဆောင်ရွက်ပေးစေအောင် ကျနော်တို့ တင်ပြထုတ်ဖော်သွားဖို့ ရှိပါတယ်၊ အောက်ခြေတပ်အနေနဲ့ အထက်ကညွှန်ကြား ထားတာကို လိုက်နာခြင်းမရှိဘဲ ဧကတချို့တဝက်ကိုပဲ စွန့်လွှတ်မယ်ဆိုရင် ကျနော်တို့က ကန့်ကွက်ဆန္ဒပြတောင်းဆိုတာတွေရှိမှာပါ"

လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်က မိုးဗြဲ - ဖယ်ခုံ ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ မိုးဗြဲမြို့ခံတွေရဲ့ လယ်ယာမြေဧက ၁၃၀၀ ကျော်ကို တပ်စခန်း တည်ဆောက်ရေး အတွက်ဆိုပြီး အမှတ် ၄၂၂ ခြေမြန်တပ်ရင်းက သိမ်းယူခဲ့တာလို့ ပြောပါတယ်။

တပ်စခန်းဆောက်လုပ်ပြီးနောက် ပိုနေတဲ့ မြေဧက ၂၀၀ ကျော်မှာ တောင်သူတွေကို ၂၀၁၁ ခုနှစ်အထိ သီးစားငှားရမ်းလုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁၉) ရက်နေ့မှာတော့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက အဲ့ဒီမြေဧက ၂၀၀ ကျော်ကို တောင်သူတွေဆီ ပြန်ပေးဖို့ ညွှန်ကြားခဲ့တာဖြစ်တယ် လို့ တောင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။