ကရင်ပြည်နယ်မှာ သိမ်းဆည်း လယ်မြေပြန်ရရှိရေး ဆန္ဒပြသူ ၁၁ ဦးကို ထောင်ဒဏ်တွေ ချမှတ်


2015.11.18
farmers-620.jpg တောင်သူတချို့ ကောက်စိုက်နေကြစဉ်
Photo: Min Thein Aung/RFA

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကျေးရွာ ၁၁ ရွာမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံးအဖွဲ့ဝင် ၄ ဦးနဲ့ လယ်သမား ၇ ဦး စုစုပေါင်း ၁၁ ဦးကို တရားမဝင်စီတန်းလှည့်လည်မှုနဲ့ ဘားအံမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၂ လစီ ချမှတ်လိုက်ပါတယ်။

လယ်ယာမြေပြဿနာတွေကို ဖြေရှင်းပေးတာမရှိဘဲ ဆန္ဒပြတောင်းဆိုသူတွေကို တရားစွဲပြီး ထောင်ချလိုက် တာဖြစ်တယ်လို့ ကရင်ပြည်နယ် အခြေစိုက် ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံး ဒုတိယဥက္ကဌ ကိုဇော်ထိုက်က ပြောပါတယ်။

"တရားသူကြီးကနေပြီးတော့ ၁၁ ယောက်စလုံးကို ထောင်ဒဏ်နှစ်လစီ အမိန့်ချလိုက်တယ်၊ ဆန္ဒဖော်ထုတ် တဲ့နေရာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားတယ်၊ ဘာမှပြဿနာမရှိဘူး၊ သူတို့လည်း လုံခြုံရေးပေးရတဲ့အဆင့်မရှိဘူး၊ အဲဒါကိုအပြစ်ရှိပါတယ်ဆိုပြီး တရားစွဲထောင်ချတယ်၊ တရားစွဲထောင်ချတိုင်း ပြီးမလားဗျာ၊ ဒီအမှန် တရားတွေ ဖော်ထုတ်ပေးဖို့တော့ လိုအပ်တာပေါ့"

လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်လောက်စပြီး ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေက ထီလုံ၊ ကော့စက်ကလို ၊ ရွှေချိုင်ကလေး၊ ဈေးမသွယ်၊ ထားဝယ်အံ၊ လက္ခဏ၊ တောင်သူကုန်း၊ လှာကမြင် စတဲ့ ကျေးရွာ ၁၁ ရွာက လယ်ယာမြေဧက ၅ဝဝဝ နီးပါးကို စစ်တပ်၊ ဆည်မြောင်းဦးစီးဌာနနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။

အဲဒီ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် ပြီးခဲ့တဲ့ မတ်လမှာ ၈၈ ကရင်မျိုးဆက်ကျောင်းသားအစည်းအရုံး အဖွဲ့ဝင်တွေက ဦးဆောင်ပြီး လယ်သမား ၂ဝဝ လောက်နဲ့ ဆန္ဒပြ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တရားရုံးချိန်း ၁၅ ချိန်းမြောက်မှာ အမိန့်ချလိုက်ပြီး တောင်ကလေးထောင်ကို ပို့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။