ကပ်ဘေးကြောင့် တောင်သူတွေ စိုက်စရိတ်ချေးငွေ ပြန်ဆပ်ဖို့ အခက်တွေ့နေ
2020.05.26
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုက်ပျိုးရေး ထုတ်ကုန်တွေရောင်းချမရဖြစ်နေတဲ့ တောင်သူတွေမှာ အစိုးရချေးငွေနဲ့ ပုဂ္ဂလိကချေးငွေတွေ ပြန်ဆပ်ဖို့အခက်အခဲရှိနေပြီး ဆပ်ရမယ့်ရက်ကို နောက်ဆုတ်ပေးဖို့ တောင်းဆိုနေကြ ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ဆောင်ရွက်နေတာတွေကြောင့် တောင်သူတွေရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ ပြည်ပတင်ပို့ခွင့်မှာ အခက်အခဲတွေရှိနေတဲ့အပြင် ပြည်တွင်းမှာရောင်းချတဲ့ သီးနှံတွေတော်တော်များများ မရောင်းရဖြစ်နေတာကြောင့် စိုက်ပျိုးစရိတ်တောင်မရဘဲ တောင်သူတွေ တောင်သူတွေ အရှုံးပေါ်နေတာ ဖြစ်ပါတယ်။
တောင်သူတွေချေးယူထားတဲ့ စိုက်ပျိုးရေး စရိတ်ချေးငွေတွေဟာ အခုမေလကုန်နဲ့ ဇွန်လတွေမှာ ပြန်လည်ပေးဆပ် ရတော့မှာ ဖြစ်ပါတယ်။
အစိုးရ လယ်ယာစိုက်ပျိုးရေးဘဏ်က ချေးငွေကို အခုမေလကုန်မှာ ပြန်ဆပ်ဖို့ နှိုးဆော်နေပြီး ဆပ်ဖို့ငွေမရှိဖြစ်နေ တယ်လို့ ဆားလင်းကြီးမြို့နယ် ငွေသာရွာက ကိုလေးမောင်က ပြောပါတယ်။
“လယ်တစ်ဧကကို တစ်သိန်း ပုံစံ ၇ အပ်ပြီးချေးရတာ ၈ သိန်း ၉ သိန်းလောက်ရတယ်၊ အခုရောဂါကြောင့် လုပ်ငန်းကိုင်ငန်းတွေက အဆင်မပြေ ရှိတာလေးရောင်းဆပ်နေရတာ၊ ဒီလကုန် နောက်ဆုံးလို့ပြောတယ်၊ ဆပ်ဖို့ရာ စဉ်းစားနေရတယ် စီစဉ်နေတယ်”
လယ်တစ်ဧကကို တစ်သိန်းနှုန်း အစိုးရ လယ်ယာစိုက်ပျိုးရေးဘဏ်က ထုတ်ချေးပေးတာဖြစ်ပြီး နှစ်စဉ် မေလမှာ ပြန်လည်ပေးဆပ်ရတယ်လို့ ဆိုပါတယ်။
အစိုးရ ချေးငွေတွေအပြင် ဓာတ်မြေသြဇာ ကုမ္ပဏီတွေမှာလည်း အကြွေးတွေ ကျန်ရှိနေသေးတယ်လို့ ပြောပါတယ်။
တချို့တောင်သူတွေက မြန်မာ့သြဘာကုမ္ပဏီရဲ့ မဟာစိုက်ပျိုးရေးချေးငွေလုပ်ငန်း၊ မြစိမ်းရောင်ချေးငွေလုပ်ငန်း၊ UMDP ချေးငွေလုပ်ငန်း စတဲ့ ပုဂ္ဂလိက ချေးငွေလုပ်ငန်းတွေက ငွေတွေချေးယူထားပြီး အခုမေလနဲ့ ဇွန်လမှာ ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။
ပြန်ပေးနိုင်ဖို့အခက်အခဲဖြစ်နေလို့ ကုမ္ပဏီတွေကို ချေးငွေနောက်ဆုတ်ပေးဖို့ တောင်းပန်နေရတယ်လို့ ရှမ်းပြည်နယ် နောင်တယားက ဦးခွန်စန်းဦးက ပြောပါတယ်။
“ခက်ခဲနေကြတာ ချေးငွေကို နောက်ဆုတ်ပေးဖို့ တောင်းပန်နေတယ်၊ အခုက ပြန်ပေးပါဆိုတဲ့ ရက်မရောက်သေးတော့ ဘာမှပြောမရသေးဘူး၊ ပေးရမယ့်ရက် ရောက်ရင်တော့ ဘယ်လိုလာမလဲ မသိသေးဘူး”
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးသက်ရောက်မှု ကုစားရေး ကော်မတီအနေနဲ့ တောင်သူတွေအတွက် ချေးငွေပေးဖို့ လုပ်ငန်းဆောင်ရွက်ချက်မှာ မပါရှိသေးပါဘူး။
တောင်သူတွေအတွက် လယ်ယာစိုက်ပျိုးရေးဘဏ်က အဓိကလုပ်ဆောင်နေတာဖြစ်ပြီး ကော်မတီက လတ်တလော ဆောင်ရွက်ချက်မှာ တောင်သူတွေအတွက် မပါရှိသေးဘူးလို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးသက်ရောက်မှု ကုစားရေးကော်မတီက ဦးအောင်နိုင်ဦးက ပြောပါတယ်။
“တောင်သူတွေ ထုတ်ချေးတဲ့ချေးငွေက မြန်မာလယ်ယာကဏ္ဍကကိုင်တာ ကျွန်တော်တို့ ထုတ်ချေးတာက SME၊ CMP နဲ့ ဟိုတယ်ခရီးပေါ့၊ လျှာထားတဲ့ ဘီလီယံ ၁၀၀ က အဲကဏ္ဍ သုံးခုပဲ၊ အဲဒါပြီးရင် နောက်ပိုင်းကဏ္ဍ တွေ ထပ်ချဲ့ဖို့ရှိပါတယ်။ တောင်သူလယ်သမား ချေးငွေကတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က တိုက်ရိုက်ကိုင်ပါတယ်”
တောင်သူတွေရဲ့ ချေးငွေနဲ့ပတ်သက်ပြီး ဆောင်ရွက်မယ့် အခြေအနေကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ရှိသူတွေကို မေးမြန်းဖို့ မေလ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့ ဒီနေ့အထိ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
လက်ရှိမှာ ဖရဲ၊ သခွား၊ ပြောင်းဖူး၊ ခရမ်းချဉ်၊ သရက်သီး၊ ဂေါ်ဖီနဲ့ အာလူးစိုက်တောင်သူတွေဟာ သီးနှံပေါ်ပြီး တရုတ်ဈေးကွက် ဝယ်သူမရှိတဲ့အပြင် ပြည်တွင်းမှာလည်း ရောင်းချလို့မရတဲ့ ဈေးကွက်အခြေအနေကြောင့် စိုက်ပျိုးရေးစရိတ်တွေ ဆုံးရှုံးနေကြရတာ ဖြစ်ပါတယ်။