သိမ်းမြေနဲ့ ပြန်ပေးမြေ ကွာဟတဲ့ အတွက် မြစ်သားလယ်သမားတွေ မကျေနပ်
2014.06.28

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မိုင်းမောကျေးရွာနဲ့ ကန်ဆွယ်ကျေးရွာက တောင်သူ ၁၀၀ ကျော်တို့ဟာ တပ်မတော်က သိမ်းဆည်းထားတဲ့လယ်မြေတွေ ပြန်လည်ပေးအပ်ပွဲမှာ သိမ်းခဲ့တဲ့မြေနဲ့ ပြန်ပေးတဲ့မြေ အကျယ်အဝန်းပမာဏ ကွာနေတဲ့အတွက် ယာယီလယ်လုပ်ခွင့်လျှောက်လွှာပုံစံ ၃ ကို မထုတ်ယူခဲ့ကြဘူးလို့ သိရပါတယ်။
ပုံစံ ၃ မထုတ်ယူတာနဲ့ ပတ်သက်ပြီး မိုင်းမောကျေးရွာက တောင်သူဦးမျိုးမြင့်က RFA ကို အခုလို ပြောပါတယ်။
"ကျနော်ဆိုလို့ရှိရင် သိမ်းဆည်းခံထားရတာက ၄၈ ဧက အခုကျနော့်ကို ပုံစံ ၃ ပြန်လုပ်ခိုင်းတာ ၃ ဧကပဲ၊ မှန်ကန်မှုမရှိလို့ ကျနော်တို့ကမလုပ်တာ၊ ကျနော်တို့ တောရိုင်းမြေတွေကို နှစ်ပေါင်းများစွာ ခုတ်ထွင်ရှင်းလင်းခဲ့တယ်၊ နိုင်ငံတော်သမ္မတကြီးကပေးတာ ကျနော့်ရဲ့ သိမ်းဆည်းဧကအတိုင်းပဲ ပြန်ပေးတယ်၊ ဒီအကွက်ကြီးပဲ ပြန်ပေးတာ၊ အခုကျမှ ဒီအကွက်ကြီးက ၃ ဧကဖြစ်နေလို့ ကျနော်မလုပ်တာပါ"
ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၃ အမြောက်တပ်ရင်းနဲ့ အမှတ် ၁ ဘက်စုံစိုက်ပျိုးရေးနဲ့ မွေးမြူ ရေးခြံလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ၁၉၉၁ ခုနှစ်ကစပြီး ကန်ဆွယ်၊ မိုင်းမော အပါဝင် ရွာပေါင်း ၁၇ ရွာက လယ်မြေ ဧက ၇၀၀၀ ကျော်ကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီထဲက ပထမအသုတ်အနေနဲ့ ပိုလျှံမြေ ၁၉၇၆ ဧကကို မူလပိုင်ရှင်တောင်သူတွေကို မိုင်းမောကျေးရွာ သုခရတနာကျောင်းတိုက်မှာ ဇွန်လ ၂၅ ရက်နေ့က အခမ်းအနားနဲ့ ပြန်လည်ပေးအပ်ခဲ့ပါတယ်။
တောင်သူအနေနဲ့ သူတို့ပိုင်ခဲ့တဲ့ လယ်တွေအမှန်တကယ်ပြန်ရမယ့် ပမာဏထက် ထက်ဝက်ကျော်လောက် လျော့နည်းနေတာမို့ မကျေနပ်ကြောင်း ပြသတဲ့အနေနဲ့ ပုံစံ ၃ ကို ထုတ်မယူကြတာဖြစ်ပါတယ်။
အဲဒီတောင်သူတွေဟာ အခုလက်ရှိမှာ ဒီလယ်မြေတွေမှာ ဝင်ရောက်ထွန်ယက် စိုက်ပျိုးနေကြတယ်လို့လည်း သိရပါတယ်။