ငါန်းဇွန်မှာ သိမ်းဆည်းလယ်ဧက တစ်သောင်းကျော် အတွက် လျော်ကြေးတောင်းဆို
2014.08.02

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မှာ ဆင်မင်းကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်ဧက တစ်သောင်းကျော်ကို ကာလပေါက်ဈေး အတိုင်း လျော်ကြေးပေးဖို့ လယ်သမား ၃၀၀ လောက်က ဒီနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက် ကြပါတယ်။
သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ငါန်းဇွန်မြို့နယ် သံဘိုကျေးရွာက လယ်သမား ဦးလှခိုင်က RFA ကို အခုလို ပြောပါတယ်။
"သူတို့ကလျော်ကြေးမပေးတော့ တောင်သူတွေ ကလည်းဆက်ပြီးတော့ ကိုယ့်မြေကိုလုပ်နေတာပဲ၊ အဲဒါကို သူတို့ကလည်း ဇွတ်ပြီးတော့ မြေတွေကို စက်ယန္တရားတွေနဲ့ ဝင်ပြီးတော့ထိုးနေတယ်၊ အဲဒါတွေကို တောင်သူတွေက တားနေရပါတယ်၊ ဒီနေ့သတင်းစာရှင်းလင်းပွဲလုပ်တယ်၊ တောင်သူအများစု ကနေပြီးတော့ ၃ဝဝ လောက်ရမှ ခေတ်တန်ကြေးကို ပေးနိုင်လို့ရှိရင် လက်သင့်ခံဖို့ တောင်သူတွေက သဘောထားယူလိုက်ပါတယ်"
လယ်ယာမြေဧကပေါင်း တစ်သောင်းကျော်ကို မြို့သာစက်မှုဇုန်နဲ့ ဂေါက်ကွင်းပြုလုပ်ဖို့အတွက်ဆိုပြီး လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်း ဆင်မင်းကုမ္ပဏီက စတင်သိမ်းဆည်းခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။
သိမ်းဆည်းလယ်ယာမြေတွေအတွက် ကာလပေါက်ဈေးအတိုင်း လျော်ကြေးပေးဖို့ လယ်သမားတွေ စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် တရာဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မတီတွေဆီကို ပေးပို့သွားမယ်လို့ သိရပါတယ်။