မြို့သာစက်မှုဇုန်စီမံကိန်း မြေ ယာလျော်ကြေးပေးဖို့ ဒေသခံတွေ ဆန္ဒပြ
2014.11.17
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ မြို့သာစက်မှုဇုန်စီမံကိန်းနဲ့ ဂေါက်ကွင်းဖော် ဆောင်ဖို့ အတွက် MMDC အများပိုင်ကုမ္ပဏီက သိမ်းထားတဲ့ မြေနေရာတွေအတွက် လျော်ကြေးပေးဖို့ ဒေသခံ ၈ဝဝ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
MMDC အများပိုင်ကုမ္ပဏီက တောင်သူ ၄ ဦးကိုသာ သီးနှံလျော်ကြေး ၅ သိန်းနဲ့ လယ်ယာမြေ ၁ ဧကကို သိန်း ၂ဝ နှုန်းနဲ့ လျော်ကြေးပေးခဲ့တာကြောင့် ကျန်တဲ့တောင်သူတွေက မကျေနပ်လို့ ဆန္ဒပြတာဖြစ်ကြောင်း လယ်ယာမြေ ၁၂ ဧက အသိမ်းခံထားရတဲ့ နောက်တောကျေးရွာက တောင်သူ ကိုသိန်းဌေးက ပြောပါတယ်။
"၁၉၉၄ ခုနှစ်ကနေ ပုသိမ်အရှေ့မြို့နယ်ကနေ ပြောင်းရွေ့ပြီးတော့ ကိုင်းသောင်မြို့နယ်ဆို ပြီးတော့ ရွေ့ပြောင်းပြီးတော့ မြို့ကွက်ဖော်တဲ့နေရာမှာ အိုးအိမ်ဦးစီးဌါနကနေ အကွက်ဖော်ပေး သွားတဲ့ မြေပေါ်အတိုင်းအတာထဲကနေပြီးတော့ မရိုက်သင့်တဲ့ အဲ့လိုချန်ထားခဲ့တဲ့ အနာဂါတ် အတွက်လိုအပ်တဲ့ ဆေးရုံ၊ ဆေးခန်း အဲ့လိုအတွက်သည် ချန်ထားတဲ့မြေကွက်တွေပေါ်မှာရော၊ အခြား လယ်မြေတွေပေါ်မှာပါပေါ့၊ မြို့သူမြို့သားများကိုလည်း မသိရပဲနဲ့ သူတို့လည်းသူတို့ရဲ့ နီးစပ်ရာလူတွေ နဲ့ပဲ အကွက်တွေလည်းရောင်းပြီးစားတဲ့ဟာကို မကျေနပ်လို့ ဆန္ဒပြတာပါ"
လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်မှာ MMDC အများပိုင်ကုမ္ပဏီက မြို့သာစီမံကိန်းနဲ့ ဂေါက်ကွင်းဖော်ဆောင်ဖို့ အတွက်ဆိုပြီး ရွာ ၁၄ ရွာက လယ်ဧက ၁ သောင်းကျော်ကို သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
တောင်သူတွေကို မြေယာ လျော်ကြေးမပေးပဲ သီးနှံလျော်ကြေးအဖြစ် ၁ ဧကကို ကျပ် ၅ သိန်းက နေပြီး သိန်း ၂ဝ အထိ နှစ်မျိုးခွဲပြီး လျော်ကြေးပေးခဲ့ပြီး လျော်ကြေးမယူခဲ့တဲ့ တောင်သူ ၃ဝဝ လောက်ရှိတယ်လို့ ဆိုပါတယ်။
တောင်သူတွေက မြေယာလျော်ကြေးရရှိဖို့ တောင်းဆိုနေချိန်မှာ ကုမ္ပဏီဘက်က မြေသိမ်းထားတဲ့ လျော်ကြေး အဖြစ် တောင်သူတစ်ဦးကို ပေ ၆ဝ ပေ ၈ဝ မြေကွက်တစ်ကွက်စီပေးနေပြီး လက်မှတ် ထိုးခိုင်းနေတာတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီ မြေကွက်တွေကို လက်ခံထားတဲ့ တောင်သူ ၁ဝဝ နီးပါးလောက်ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဒီနှစ်မေလလောက်မှာ တောင်သူတွေက သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲ ဝင်ရောက် ထွန်ယက်ခဲ့ တာကြောင့် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးက တရားလိုလုပ်ပြီး တောင်သူ ၁ဝ ယောက်ကို ကျူးကျော်ဝင်ရောက်မှု၊ ပိုင်နက်ကျူးလွန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၅ ခုနဲ့ တရားစွဲခဲ့ပြီး ငါန်းဇွန်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးခဲ့ပါတယ်။
ဒါကြောင့် ဒီကနေ့ ဆန္ဒပြသူတွေက တရားစွဲဖမ်းဆီးခံထားရတဲ့ တောင်သူတွေကို ပြန်လွှတ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ တောင်သူတွေကို မြေယာလျော်ကြေးပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။