လယ်ယာမြေပြဿနာ တရားမျှတစွာ မဖြေရှင်းတဲ့အတွက် လယ်သမားတွေ နစ်နာနေရ


2014.11.10
nargis_field_305px.jpg ရေဝပ်နေတဲ့ လယ်တချို့ကို တွေ့ရစဉ်။
(Photo: AFP)

လယ်ယာမြေပြဿနာတွေကို  အာဏာပိုင်တွေက တရား ဥပဒေနဲ့အညီ မျှမျှတတ ဖြေရှင်းမပေးတဲ့အတွက် လယ်သမားတွေ နစ်နာနေရတယ်လို့ တောင်သူ လယ်သမား အကျိုးဆောင်ကွန်ရက်က ဒီနေ့ ပြောကြား လိုက်ပါတယ်။ ရန်ကုန်မြို့ ၃၆ လမ်းမှာရှိတဲ့ မြန်မာ ဂျာနယ်လစ်ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲကျင်းပချိန် မှာ ပြောကြားလိုက်တာလို့ ကွန်ရက်အဖွဲ့ဝင် ဦးဇော်ရမ်း က ပြောပြပါတယ်။

"ဧရာဝတီတိုင်းဒေသကြီးမှာ လယ်ယာမြေ ဖြစ်ပေါ်နေ တဲ့ပြဿနာတွေ အဲ့မှာအာဏာပိုင်တွေရဲ့ မတရားမှုတွေ ၊ နောက်လယ်မြေတွေကို ဥပဒေနဲ့အညီမရှင်းပဲနဲ့ အာဏာကို အသုံးပြုပြီးတော့ ငွေရှင်ကြေးရှင် နဲ့ပေါင်းပြီးတော့ မူလလယ်သမားတွေကို နစ်နာစေ တဲ့ ဖြေရှင်းမှုကိစ္စတွေကို ကျနော်တို့ရှင်းတာပါ"

မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ ဝါးခယ်မ၊ ကျိုက်လတ်၊ မအူပင်၊ ပန်းတနော်စတဲ့ မြို့နယ်တွေက လယ်သမားတွေနဲ့ မိသားစုတွေဟာ လယ်ယာမြေအမှုအခင်းတွေ ကြုံတွေ့နေရပါတယ်။ မော်လမြိုင်ကျွန်းက လယ်သမား ဦးစောဗန်ကူးဟာ မိဘလက်ငုတ် မိသားစုပိုင်လယ်ကို အသိမ်းခံရရုံမက ထောင်ဒဏ်ကျခံရတဲ့အပြင် ထောင်က လွတ်လာတဲ့နေ့မှာ ခိုးမှုနဲ့ ထပ်အဖမ်းခံရပါတယ်။ သူသာမက သူ့မိခင်၊ သူ့ဇနီးနဲ့ သမီးတို့ကိုပါ ထောင်ဒဏ်ချမှတ် ခံရတဲ့ အမှုတွေကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြပါတယ်။

ကျိုက်လတ်မြို့နယ်မှာ လယ်သမားတွေကို ပိုင်နက်ကျူးလွန်မှုနဲ့ အကျိုးဖျက်ဆီးမှုနဲ့သာမက လယ်ယာမြေဥပဒေနဲ့ပါ တရားစွဲဆိုခံရတဲ့အမှုကိုလည်း တင်ပြတယ်လို့ ပြောပါတယ်။ ဝါးခယ်မမြို့နယ်မှာ လယ်သမားတွေကို ခြေချုပ်ပုဒ်မနဲ့ ဖမ်းဆီးတဲ့အမှု၊ လပွတ္တာမြို့နယ်မှာ အမျိုးသမီးတွေ အပါအဝင် လယ်သမား ၆ ဦးကို ထောင်ဒဏ်ချမှတ်တဲ့အမှု၊ မအူပင်မြို့နယ်မှာ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က မမှန်မကန်ဆုံးဖြတ်ချက်ချမှတ်တဲ့အတွက် ဆွေမျိုးသားချင်း အချင်းချင်း လူသတ်မှုဖြစ်ပွားတဲ့အမှု စတဲ့ဖြစ်ရပ်တွေကို တင်ပြတယ်လို့ ပြောပါတယ်၊

ဒီသတင်းစာရှင်းလင်းပွဲမှာ ရှေ့နေတွေကလည်း တရားဥပဒေရှုထောင့်က သုံးသပ်တင်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။