ကျောက်ဖြူဒေသခံ သားအဖနှစ်ဦးကို AA ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မိသားစုပြောကြား


2020.06.05

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းအုပ်စုမှာနေထိုင်တဲ့ အသက် ၈၁ နှစ်အရွယ် ဦးဝေကျန်အောင်နဲ့ အသက် ၄၆ နှစ်အရွယ် ဦးမောင်မောင်ညိုတို့ သားဖနှစ်ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ညနေပိုင်းက အေအေ အဖွဲ့ကဖမ်းဆီးသွားတာဖြစ်တယ်လို့ မိသားစုက RFA ကိုဒီနေ့ပြောပါတယ်။

သူတို့နှစ်ဦးဟာ ဇွန်လ ၁ ရက်နေ့ညနေက ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ ကမ်းခြေဘက်ကို ဆိုင်ကယ်နဲ့ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားတာလို့ ဦးမောင်မောင်ညိုရဲ့ ဇနီး ဒေါ်သန္တာငြိမ်းက ပြောပါတယ်။

“တနင်္လာနေ့ ညနေ ၄ နာရီလောက်မှာ အိမ်က ထွက်သွားပါတယ်။ အိမ်ကို ပြန်မရောက်ဘူး။ ည ၆ နာရီထိုးပေမယ့် မရောက်၊ ၈ နာရီ လောက်မှာလည်း မရောက်၊ ၉ နာရီလောက်မှာတော့ ကျွန်မတို့ လိုက်ရှာကြပါတယ်။ အဲလို လိုက်ရှာတဲ့အခါမှာ ည ၁၁ နာရီလောက်မှာ ဆိုင်ကယ်ရယ်၊ သူ့အဖေမှာ ပါသွားတဲ့ ဓားနဲ့ ခမောက် ကိုပဲ တွေ့တော့တယ်”

ဦးဝေကျန်အောင်ရဲ့သား၊ ဦးမောင်မောင်ညိုရဲ့ အစ်ကိုဖြစ်သူ ဦးဇင်း ဦးဝဇီရာဝုဓ က အေအေက ဖမ်းသွားတယ်ဆိုတဲ့ သက်သေတွေ ရထားတယ်လို့ မိန့်ပါတယ်။

အဲဒီ သက်သေတွေနဲ့ ပတ်သက်လို့ RFA က မေးမြန်းလျှောက်ထားရာမှာ ကာယကံရှင်တွေရဲ့ လုံခြုံရေးအရ ဆိုပြီး ထုတ်ဖော်ပြောလို့ မရဘူးလို့ ဦးဇင်း ဦးဝဇီရာဝုဓက မိန့်ပါတယ်။

“ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အထွေထွေ နောက်ကျပြီးတော့ စစ်တပ်ကိုလည်း ကြောက်နေရ၊ အေအေကိုလည်း ကြောက်နေရတဲ့ ဦးဇင်းတို့ရဲ့မိဘပြည်သူများကို လွန်စွာသနားတော်မူတဲ့ ဘုန်းကြီးတစ်ပါး အနေနဲ့ ဦးဇင်းဟာ ဒီကိစ္စကို လျှို့ဝှက်ထားချင်ပါတယ်။ အေအေက ဖမ်းသွားတယ်ဆိုတာက လုံးဝသေချာပါတယ်။ တပ်မတော်နဲ့ ပြည်သူ့ရဲတွေ ဖမ်းဖို့ အကြောင်းမရှိပါဘူး”

ဖမ်းဆီးခံရတဲ့ အသက် ၈၀ ကျော်အရွယ် ဦးဝေကျန်အောင်ဟာ ဇင်ချောင်းအုပ်စု ကုန်ဘောင်ကြီးရွာမှာ အခြေချနေထိုင်ပြီး လယ်ယာစိုက်ပျိုးရေး အလုပ်ကို လုပ်ကိုင်နေသူပါ။

သူနဲ့အတူ ဖမ်းဆီးခံရတဲ့ သားဖြစ်သူ ဦးမောင်မောင်ညိုကတော့ ကျောက်ဖြူမြို့ ဓညဝတီရေတပ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ပင်စင်ယူပြီးတော့ ရန်ကုန်မှာ သွားရောက် အလုပ်လုပ်နေသူပါ။

ဇနီးဖြစ်သူ ဒေါ်သန္တာငြိမ်းက သူတို့ နှစ်ဦးစလုံးဟာ ရိုးရိုးသားသား လုပ်ကိုင်စားသောက် နေသူတွေဖြစ်တာကြောင့် ကျန်းကျန်းမာမာနဲ့ ပြန်လည် လွတ်မြောက်လာစေချင်တယ်လို့ ပြောပါတယ်။

“သူပင်စင်ယူပြီးနောက် ရန်ကုန်မှာ သွားနေခဲ့ပါတယ်။ ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ် အခြေအနေ တွေကြောင့် ရွာကို ပြန်ရောက်နေတာပါ။ ဦးမောင်မောင်ညိုမှာ ဘာပြဿနာမှ မရှိပါဘူး။ ရွာမှာလည်း ရပ်ရေး ရွာရေးတွေ လုပ်ပါတယ်။ လူမှုရေးတွေလည်း လုပ်ပါတယ်။ ကွာရန်တင်းစင်တာမှာ တစ်လလောက် ဝင်လုပ် ပြီးတော့ အဲဒီကနေ ထွက်လာတာ တစ်ညပဲ ရှိသေးတယ်။ သူ့ရဲ့အဖေ ဦးဝေကျန်အောင်လည်း အသက်ကြီး နေပြီဆိုတော့ သူတို့နှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်”

ဦးဝေကျန်အောင်နဲ့ ဦးမောင်မောင်ညို တို့သားဖနှစ်ဦးကို အေအေ အဖွဲ့က ဖမ်းသွားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုချက် ရနိုင်ဖို့အတွက် မျက်မြင်တွေကို မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ကျောက်ဖြူမြို့မ ရဲစခန်းမှူး ဒုရဲမှူးကျော်ဇောက ဒီလူ နှစ်ယောက်ကိစ္စနဲ့ ပတ်သက်လို့ မသိသေးသလို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာလည်း မရှိသေးဘူးလို့ RFA ကိုပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဦးမောင်မောင်ညိုရဲ့ဇနီး ဒေါ်သန္တာငြိမ်းက ဖမ်းဆီးခံတဲ့ ကိစ္စအပေါ် ဇင်ချောင်းနယ်မြေရဲစခန်းမှာ အသိပေးထားပေမယ့် အမှုဖွင့်ထားတာ မရှိဘူးလို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော်(AA)က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ရက္ခိုင့်တပ်တော်အနေနဲ့ မြန်မာ့တပ်မတော်ရဲ့ အမာခံတွေ၊ သတင်းပေးတွေ၊ ရိက္ခာထောက်ပံ့ ပေးပို့နေသူတွေ၊ မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးကို အထောက်အကူ ပြုနေသူတွေကို ရံဖန်ရံခါ ခေါ်ယူစစ်ဆေးမေးမြန်းလေ့ရှိပြီး အပြစ်မရှိသူတွေကို လုံခြုံစိတ်ချရတဲ့ အခြေအနေနဲ့ သင့်တော်တဲ့အချိန်မှာ ပြန်လွှတ်ပေးလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။

ကျောက်ဖြူမြို့နယ်က သားဖနှစ်ဦးကို အေအေက ဖမ်းဆီးသွားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခက ဒီလိုဖမ်းသွားတယ်လို့ ပြောဆိုတဲ့ ကိစ္စဟာ သက်သက် အခြေအမြစ်မရှိ စွပ်စွဲချက်တွေသာဖြစ်ကြောင်း၊ ဒီလိုမျိုးဖြစ်စဉ် လုံးဝမရှိကြောင်း၊ AA အနေနဲ့ ဖမ်းဆီးထားတာ လုံးဝမဟုတ်ကြောင်း RFA ကို ဖြေကြားပါတယ်။

သားဖနှစ်ဦးဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ သတင်းမရရှိသေးကြောင်း RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးကာလအတွင်း မသင်္ကာလို့ ဖမ်းဆီးခံရမှုတွေကို တပ်မတော်ရော၊ အေအေ ပါ နှစ်ဘက်စလုံးက လုပ်ဆောင်နေတာပါ။ အဲဒီလို ဖမ်းဆီးခံရရင်း  ပြန်လည် လွတ်မြောက်လာသူတွေ ရှိသလို စစ်ကြောရေးမှာ လက်လွန်ပြီး သေဆုံးသွားတာတွေ၊ ဘာသတင်းအစအနမှ မရတော့ဘဲ ပျောက်ဆုံး သွားတာတွေလည်း ရှိနေပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ လက်နက်ကြီး၊ လက်နက်ငယ်၊ မိုင်း စတာတွေ၊ ညှဉ်းပမ်း နှိပ်စက်ခံရတာတွေ၊ အမည်မသိ လက်နက်ကိုင်တွေက သတ်ဖြတ်သွားတာတွေ စတာတွေကြောင့် သေဆုံးတဲ့ အရပ်သားဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ အခုနှစ် ဇွန်လ ၂ ရက်နေ့အထိ ၂၅၇ ဦးအထိ ရှိနေသလို ဒဏ်ရာရသူ အရေအတွက်ဟာလည်း ၅၆၀ အထိရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။