FEC ငွေတွေကို တန်ဖိုး အတိုင်းပေးပြီး ဈေးကွက်က ရုပ်သိမ်းမည်
2013.03.20
အမေရိကန် ဒေါ်လာနဲ့ တန်ဖိုးတူသတ်မှတ်ပြီး သုံးစွဲနေတဲ့ FEC ငွေလက်မှတ်တွေကို တန်ဖိုးအတိုင်း ပြန်လည် ထုတ်ပေးပြီး ဈေးကွက်ကနေ ရုပ်သိမ်းတော့မယ်လို့ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၂၀ ရက် ဒီကနေ့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
အမေရိကန်ဒေါ်လာအစား ကြားခံသုံးစွဲနေတဲ့ FEC ငွေလက်မှတ်တွေဟာ ဈေးကွက်ထဲမှာ ငွေလဲနှုန်းထား အမျိုးမျိုး ဖြစ်နေတာကို တားဆီးသွားဖို့အတွက် ဖြစ်သလို အစိုးရက သက်မှတ်ပေးတဲ့ ဒေါ်လာနှုန်းထားအတိုင်း ဒီလအတွင်း ပြန်လဲပေးမယ်လို့ ပြည်ထောင်စု လွှတ်တော်မှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားလိုက်တာပါ။
" နိုင်ငံခြားငွေလက်မှတ်များအတွက် FEC များကို ကြားခံထားပြီးနောက် နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားအမျိုးမျိုးကို ဖြစ်ပေါ်စေတဲ့အတွက် တန်ဖိုးတူမျှတဲ့ အမေရိကန်ဒေါ်လာ သို့မဟုတ် မြန်မာကျပ်ငွေဖြင့် ပြန်လည်လဲလှယ်ပေးပြီး ပြည်သူများ လက်ဝယ်မှာရှိတဲ့ FEC များကို ၂၀၁၃ ခုနှစ် မတ်လမှာ ပြန်လည် ရွေးထုတ်မယ့်အစီအစဉ်ကို အများပြည်သူကို အသိပေး ကြေညာချက်ထုတ်ပြန်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံတော် ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနဲ့ ဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်းပြီး စနစ်တကျစီမံဆောင်ရွက် သွားမှာဖြစ်ပါတယ်"
ဝန်ကြီး ဦးဝင်းရှိန် တင်ပြတဲ့ အဲ့ဒီအစီအစဉ်ကို ပြည်ထောင်စုလွှတ်တော်ကလည်း သဘောတူ ထောက်ခံလိုက်ပါတယ်။
၂၀၁၂ ခုနှစ်ကုန် အထိ သုံးစွဲခဲ့တဲ့ FEC ငွေလက်မှတ်ရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း(၃၀)ကျော်ဖိုး ရှိတယ်လို့ သိရပါတယ်။