စက်ရုံ အလုပ်သမများ သက်ဆိုင်ရာကို နစ်နာချက်များတင်ပြ
2011.03.09

“ကိုရီးယားကြီးကို စိန်လက်စွပ် ကန်တော့ဖို့ ဆိုပြီး နှစ်တိုင်း အလုပ်သမားတဦးကို ၁၅၀၀ ဖြတ်ပါတယ်။ နာရေးကိစ္စတွေ ဘာတွေ ရှိလို့ ပိုက်ဆံကောက်တဲ့အခါမှာလည်း သူတို့ဖက်က ကြွေးတောင်းသလို ဟောက်ငမ်းပြီး တောင်းပါတယ်။ နောက်ပြီးတော့ တအား ပင်ပန်းလွန်းအားကြီးပါတယ်။ ညဖက် ၂ ညဆင်းပြီးရင် တညပဲ အိပ်ခွင့်ရှိတယ်။ တည အိပ်ခွင့်ရှိရင်လည်း မနက် ၇ နာရီဆိုရင် အလုပ်ပြန်ဝင်ရတယ် အဲလိုဝင်ပြီး ၅ မိနစ် နောက်ကျရင် ၅၀၀ ဖြတ်တယ်။ မဆင်းချင်ဘူးလို့ ပြောရင်လည်း အပြုတ်ခံချင်ရင် မဆင်းနဲ့ပေါ့။ အဲလိုမျိုးပြောတဲ့အတွက် ကျမတို့ အလုပ်သမားတွေကလည်း အဲဒီ အိုတီ ကြေးတွေ ဘောနပ်ကြေးတွေ ဖြုတ်မှာကြောက်လို့ မျက်ရည်ပေါက်ကျပြီး အလုပ်ကို ဆင်းနေရတာပါ။”
ဒီကိစ္စနဲ့ပတ်သက်လို့ စက်ရုံ တာဝန်ရှိသူတွေကို တိုင်ကြားပေမဲ့ ဘာမှ အရေးမယူတာကြောင့် တိုင်းအလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနကို တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီကလည်း အားလုံး ပြေလည်အောင် ကူညီဖြေရှင်းမပေးနိုင်တဲ့အကြောင်း သူက ဆက်ပြောပါတယ်။
“မနေ့ကတုံးက တိုင်းရုံးက ညှိပေးပါတယ် အချိန်မှန်တိကျရေး၊ အောနပ် မဆင်းရရေး၊ တနင်္ဂနွေနေ့ ပိတ်ရေး၊ အဲဒါတွေတော့ပြေလည်ခဲ့ပါတယ် ဒါပေမဲ့ လစာတိုးမြှင့်ရေးကိုတော့ တိုင်းမှူးက သူတို့နဲ့မဆိုင်ဘူး အလုပ်ရှင်နဲ့ ညှိလို့ပဲ ပြောခဲ့ပါတယ်။ အလုပ်ရှင်နဲ့ ညှိတဲ့အခါမှာလည်း ပြေလည်မှုတော့ မရှိဘူး။ သူတို့ဖက်ကလည်း အလုပ်သမားခကို တိုးမြှင့်ပြီး မပေးနိုင်ဘူးလို့ပဲ ပြောကြားခဲ့ပါတယ်။”
မြန်မာဂလိုဂွန် အထည်ချုပ်စက်ရုံက အလုပ်သမတွေလည်း လုပ်အားခနဲ့ ပတ်သက်လို့ နစ်နာနေတာတွေကြောင့် ဒီနေ့ သက်ဆိုင်ရာကို လာရောက် တိုင်ကြားတယ်လို့ နောက်ထပ် အလုပ်သမတဦးကလည်း ခုလို ပြောပြပါတယ်။
“၁၂ လပိုင်း ၁ လပိုင်း၊၂လပိုင်း အဲဒီလစာ ၃ လကစပြီးတော့ ပြီးခဲ့တဲ့ ၅ ရက်နေ့ကစပြီးတော့ လစာ အားလုံးပေါင်းနဲ့ဆို သမီးအတွက်က နစ်နာသွားတယ်။ လစာလည်း မတိုးပေးဘူးပေါ့နော်။ ပထမလက ၉,၀၀၀ ကွာတယ်၊ နောက်လက တသောင်းကျော် ကွာတယ်၊ ဒီလ ၃၀,၀၀၀ နီးပါးလောက် ကွာတယ်။ ၃ လမှာ ၅ သောင်းကျော်လောက် သမီးအတွက်က နစ်နာသွားတယ်။ ဆိပ်ကမ်း အလုပ်သမားဦးစီးဌာန တိုင်တာပေါ့။ လစာနည်းတဲ့အတွက်ကြောင့် အဲဒါလည်း ပြောတယ် ပြီးတော့ ဂရိတ်အနေအထား ပေးတာတွေ အိုတီ ပေးတာတွေရော၊ အခု ရှင်းလင်းခိုင်းနေတယ်။ ရှင်းလင်းခိုင်းတယ် ဆိုပေမဲ့ သူဌေးကိုယ်တိုင် မလာဘူး သူတို့ လုံခြုံရေးတွေ၊ ငွေအကောင့်က လူတွေပဲ လာတယ်ပေါ့။”
မြန်မာနိုင်ငံ စက်ရုံတွေထဲက အလုပ်သမတွေ လူ့အခွင့်အရေးအရ ခွဲခြားဆက်ဆံခံရတာ။ လုပ်အားခ ကောင်းကောင်း မရတာ စသဖြင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရရှိကြတာ အများအပြား ရှိပါတယ်။