ဓာတ်မြေသြဇာတွေ ဈေးနှုန်း အသင့်အတင့်နဲ့ ဖြန့်ဖြူးဖို့ တိုက်တွန်း


2017.06.08
winmyint-620.jpg ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ကို ဇူလိုင်လ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: Pyithu Hluttaw

နိုင်ငံပိုင်စက်ရုံတွေကနေ ထုတ်လုပ်တဲ့ ယူရီးယားဓာတ်မြေသြဇာတွေကို တောင်သူလယ်သမားတွေထံ သင့်တင့် မျှတတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မင်းဘူးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း တင်သွင်းတဲ့ ပြည်တွင်းထုတ် ယူရီးယား ဓာတ်မြေသြဇာတွေကို တောင်သူလယ်သမားတွေဆီ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ဖြန့်ဖြူးပေးဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဆွေးေနွးအပြီးမှာ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က အခုလိုပြောဆိုသွား တာပါ။

"ပြည်တွင်းလိုအပ်ချက်ရဲ့ ၇ ရာခိုင်နှုန်းသာ ဓါတ်မြေသြဇာတွေ ဖြန့်ဖြူးနိုင်တယ်လို့ သိရှိရတယ်၊ ရောင်းလို အားထက် တောင်သူလယ်သမားတွေရဲ့ ဝယ်လိုအားက အများကြီးများတယ်၊ များတဲ့အခါကျတော့ လုံလောက်စွာ မထုတ်နိုင်တော့ ၉၃ ရာခိုင်နှုန်းဖြစ်တဲ့ ပြည်ပက ဓါတ်မြေသြဇာတွေပဲ သုံးစွဲနေကြတာတွေ့ရတယ်"

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကလည်းသက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ်တွေနဲ့ ဌာနဆိုင်ရာတွေက ဓာတ်မြေသြဇာ အမှန်တကယ်လိုအပ်ရင် ဦးစားပေး ရောင်းချပေး သွားမှာဖြစ်ကြောင်းနဲ့ အဆိုကို ပြည်သူ့လွှတ်တော်မှာ မှတ်တမ်းတင်ထားသင့်ကြောင်း ပြန်လည်ဖြေဆို သွားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွက် တစ်နိုင်ငံလုံး ဓာတ်မြေသြဇာလိုအပ်ချက်ဟာ နှစ်ဒသမ ခုနစ် သန်းခန့် ရှိကြောင်း၊ နိုင်ငံပိုင်စက်ရုံတွေက ဓာတ်မြေသြဇာတန်ချိန် တစ်သိန်းခြောက်သောင်းကျော်သာ ထုတ်လုပ်နိုင် တာကြောင့် ကျန်တဲ့ ၉၀ ရာခိုင် နှုန်းကျော်ကို ပြည်ပကတင်သွင်းနေရပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေထံ ကနေ တောင်သူတွေက ဝယ်ယူ သုံးစွဲနေကြရကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာစက်ရုံ ၅ ရုံရှိပေမယ့် ၃ ရုံသာ လည်ပတ်နိုင်ကြောင်း၊ ထုတ်လုပ်မှုစရိတ်အနေနဲ့ ဓာတ်မြေသြဇာတစ်တန်ကို ကျပ်လေး သိန်းခန့်ရှိကြောင်းနဲ့ ပြန်ရောင်းတဲ့အခါမှာ တစ်တန်ကို နှစ်သိန်းရှစ်သောင်း ရှစ်ထောင်နှုန်းနဲ့ ရောင်းချပေးနေတဲ့အတွက် သင့်တင်တဲ့နှုန်းထားဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြော ပါတယ်။

မင်းဘူးမဲဆန္ဒယ်က ဦးဝင်းဝင်း တင်သွင်းတဲ့အဆိုကို လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးကထောက်ခံ ဆွေးနွေးခဲ့ ကြပြီး ဝန်ကြီးဌာနကလည်း မှတ်တမ်းတင်ထားဖို့ ပြောဆိုတာကြောင့် အဆိုကို လွှတ်တော် က မှတ်တမ်းတင်စောင့် ကြည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။