လွတ်မြောက်သူ နိုင်ငံရေးအကျဉ်းသား ၅၀ မပြည့်

ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ပြန်လွတ်လာတဲ့ အကျဉ်းသားပေါင်း ၁၄၆၀၀ ထဲမှာ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၅၀ မပြည့်ဘူးလို့ သိရပါတယ်။

2011.05.18
zaw_win_prison_305_z.png အစိုးရသစ်၏ လွတ်ငြိမ်းသက်သာခွင့် အမိန့်အရ မေလ ၁၇ ရက်တွင် လွှတ်ပေးမည့် အကျဉ်းသားများကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက အင်းစိန် ဗဟိုအကျဉ်းထောင်တွင် အမှာစကား ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ဒီနေ့အထိ ရတာကတော့ ၄၆ ဦးရှိပါပြီ လွတ်တာ။ ဒီနှစ်ထဲမှာ လွတ်ရမဲ့ လူတွေချည်းပါပဲ။ ဆိုတော့ နောက်ထပ်လည်း လွတ်မဲ့လူ ၅၀ လောက် ရှိနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ သူတို့က ဒီနှစ်ထဲမှာ လွတ်ရမဲ့လူတွေ။ လျှော့ရက်ကတော့ နိုင်ငံရေးအကျဉ်းသားဆိုရင် မရဘူး။ တချို့ကျတော့ ဒီ စစ်ကြောရေးမှာ ရှိတဲ့ရက်နဲ့ ချုပ်ရက်တွေ မရဘူး။ မရတဲ့အခါကျတော့ မလွတ်ဖူး ဖြစ်နေတယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းမှာတော့ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၄၇ ဦး ရှိတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂,၀၆၁ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

လွတ်မြောက်လာတဲ့ ပုဂ္ဂိုလ်တွေထဲမှာ နှစ်ရှည် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက NLD အဖွဲ့ချုပ်က ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်တဲ့ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဦးကျော်ဆန်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။ သူ့ကို ၁၉၉၈ ခုနှစ်ကတည်းက စစ်အစိုးရက ထောင်ချခဲ့တာ ဖြစ်လို့ ထောင်ထဲမှာ ၁၃ နှစ် နေခဲ့ရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ ထောင်ဒဏ် ၁ နှစ် လျှော့ပေါ့ပေးလိုက်ရာမှာ လွတ်ရက်ပြည့်ဖို့ ရက်ပိုင်းကလေးသာ လိုတဲ့သူတွေကို လွှတ်တဲ့စာရင်းထဲ မထည့်ဘူးလို့ ပြန်လွတ် လာသူတွေက ပြောပါတယ်။

စစ်အစိုးရ အဆက်ဆက်အပြင် လက်ရှိ ဦးသိန်းစိန်အစိုးရကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ ငြင်းဆန် ပြောဆိုလေ့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။