ကယားပြည်နယ် မြို့တော်လွိုင်ကော်မှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2023.11.14
ကယားပြည်နယ် မြို့တော်လွိုင်ကော်မှာ တိုက်ပွဲပြင်းထန်နေ ဒီးမော့ဆိုမြို့နယ်၊ စစ်တပ်စခန်းမှ သိမ်းဆည်းရမိသော လက်နက်များနှင့် စစ်သုံ့ပန်းများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်နေ့က တွေ့ရစဉ်။
MOD

ကယားပြည်နယ် လွိုင်ကော်မြို့က လွိုင်ကော်တက္ကသိုလ်နဲ့ အကျဉ်းထောင်ကို နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ လက်တုံ့ပြန်ခဲ့တာကြောင့် ဒီနေ့ထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လွိုင်ကော် တက္ကသိုလ်မှာ တပ်စွဲထားပြီး အနီးအနား ကျေးရွာတွေကို မကြာခဏ ဝင်ရောက်စီးနင်းတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေတာကြောင့် ဦးတည် တိုက်ခိုက်တာလို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။

အကျဉ်းထောင်ကိုတော့ အာဏာသိမ်းပြီးမှ မတရားဖမ်းဆီး အကျဉ်းချခံထားရသူတွေကို ကယ်ထုတ်ဖို့ တိုက်ခိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းသုံးပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ခဲ့တာကြောင့် ထောင်ကို မစီးနင်းနိုင်ခဲ့ဘူးလို့ ခွန်းဘီထူးက RFA ကို ဒီနေ့ ပြောပါတယ်။

“ထောင်အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ စစ်ကြောင်းမှူးတွေဘက်ကတော့ လွိုင်ကော်ထောင်ကို ဝိုင်းထားပေမယ့် ထောင်ကို ဖောက်လိုက်တာတို့၊ ဝင်စီးလိုက်တာတို့ မရှိပါဘူး”

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လွိုင်ကော် တိုက်ပွဲနဲ့ပတ်သက်ပြီး အကျဉ်းထောင်ကိစ္စကို ထုတ်မပြောပေမယ့် လွိုင်ကော် တက္ကသိုလ်ကို တိုက်ခိုက်ခဲ့တာဟာ ရိုင်းစိုင်းယုတ်မာတဲ့ လုပ်ရပ်လို့ စွပ်စွဲပါတယ်။

ကရင်နီတပ်တွေဟာ တက္ကသိုလ်ကို တိုက်ခိုက်ပြီး ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို ဓားစာခံအဖြစ် ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုကြောင်း ဒီနေ့ထုတ် စစ်ကောင်စီ သတင်းစာတွေက ဖော်ပြပါတယ်။

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဥက္ကဋ္ဌ ခွန်းဘီထူးကတော့ လွိုင်ကော် တက္ကသိုလ်မှာ စစ်တပ် တပ်စွဲထားတာကြောင့် တိုက်ခိုက်တာဖြစ်ပြီး တိုက်ပွဲကြား ရောက်နေတဲ့ ဆရာ၊ ဆရာမတွေကို သူတို့တပ်ဖွဲ့ကပဲ အရေးပေါ် နေရာပြောင်းပေးခဲ့ရတာလို့ RFA ကို ဒီနေ့ ပြောပါတယ်။

ဆရာ၊ ဆရာ ဘယ်နှဦး ပြောင်းရွှေ့ပေးခဲ့ရသလဲ ဆိုတာကိုတော့ နှစ်ဖက်စလုံးက ထုတ်မပြောပါဘူး။

ဒေသခံတွေကတော့ နိုဝင်ဘာလ ၁၁ ရက် လွိုင်ကော်မြို့ ထေးငါးလျားရပ်ကွက်မှာ တိုက်ပွဲဖြစ်ကတည်းက အနီးရှိ လွိုင်ကော်တက္ကသိုလ်ကို ပိတ်ထားတာဖြစ်ပြီး၊ တက္ကသိုလ် အဆောက်အအုံတွေထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကျောင်းပရဝဏ်အတွင်းမှာ နေထိုင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ ဝန်ထမ်းတွေပဲ ရှိတယ်လို့ ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်က ဒေါဥခူနဲ့ နောင်ယားရပ်ကွက်မှာ နိုဝင်ဘာလ ၁၄ ရက် ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော်မြို့ခံ တစ်ဦးက ဒီနေ့ နေ့လယ်ပိုင်းက RFA ကို ပြောပါတယ်။

“မနေ့ညက တစ်ညလုံး ပစ်ကြတယ်။ ဒီမနက် အစောကြီးလည်း ပြန်ပြီးတော့ ပစ်ကြခတ်ကြတယ်။ မြို့ပေါ် တချို့ရပ်ကွက်တွေကိုတောင် သွားလာလို့ မရတော့ဘူး။ ပစ်ခတ်မှု ရှိနေတဲ့ ရပ်ကွက်တွေ ဆိုရင်တောင် လုံးဝ အဝင်အထွက် လုပ်လို့ မရဘူး။ စစ်ကောင်စီက လွိုင်ကော်မြို့ပြင်ကို ဘယ်သူ့ကိုမှ ပေးမထွက်ဘူး လုံးဝ ပိတ်ထားပါတယ်”

လက်ရှိမှာ လွိုင်ကော်မြို့ပေါ်က နေရာတချို့ကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတွေက ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီဘက်ကလည်း မြေပြင်ရော ဝေဟင်ကနေပါ လက်တုံ့ပြန် တိုက်ခိုက်နေတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။

ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတွေဟာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ နဲ့ ဟန်ချက်ညီ ကယားပြည်နယ်မှာ တစ်လေးလုံး (၁၁၁၁) စစ်ဆေးရေးကို နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တာပါ။ စစ်ဆင်ရေး ပထမနေ့မှာကတည်းက ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကြား နေရာတွေကို ထိန်းချုပ်ထားခဲ့တယ်၊ သုံးရက်မြောက်နဲ့ လေးရက်မြောက်နေ့မှာ လွိုင်ကော်မြို့ကို ဦးတည် တိုက်ခိုက်တာလို့ ခွန်းဘီထူးက ပြောပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား နှစ်ဆယ်ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသား ၁၄ ဦးဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG)ရဲ့ တည်ထောင်သူ ဦးဗညားက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။