မောင်တောမြို့အနီး တိုက်ပွဲပြင်းထန်
2024.02.15
မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့အနီးက နေရာလေးခုမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီလ ၁၅ ရက် ဒီနေ့မနက် ၆ နာရီကစပြီးတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မောင်တောမြို့အနီး လေးမိုင်၊ ဗောဓိကုန်း၊ ကိုင်းကြီးနဲ့ မောရဝတီ ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“တိုက်ပွဲက ပြင်းတယ်။ ကြည်း၊ ရေ၊ လေ ဝိုင်းတိုက်နေတာ အခု။ မနက်ခြောက်နာရီကနေ စဖြစ်နေတာ အခုထိ ပြင်းထန်နေတုန်းပါ။ ဗောဓိကုန်းအနီးတစ်ဝိုက်က ရွာတွေကျန်မှာ မဟုတ်တော့ထင်တယ်။ လက်နက်ကြီးပစ်သံ အကျယ်ကြီးကြားနေရတယ်”
မောင်တောမြို့အဝင် မြို့သူကြီးရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ရင်း နခခ (၅) က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေသလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက်အနီး နတ်မြစ်အတွင်းမှာ နေရာယူထားတဲ့ စစ်ရေယာဉ်ပေါ်ကလည်း တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။
ဒီနေ့ နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဥ်၊ ဂျက်တိုက် လေယာဥ်တွေနဲ့ လာရောက်ပစ်ခတ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေကိုမသိရသေးသလို တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးပါဘူး။
မောင်တောမြို့ပေါ်မှာ ဆက်သွယ်ရေး ဖုန်းလိုင်းတွေပါ ပြတ်တောက်နေပြီး စျေးဆိုင်တွေပါ ပိတ်ထားကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။