လေးကေ့ကော်နဲ့ သေ့ဘောဘိုးဘက် တိုက်ပွဲတွေဆက်ဖြစ်နေ

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်ဘက် ရသေ့ဂူနဲ့ သေ့ဘောဘိုးရွာအနီးတို့မှာ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားနေလို့ ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသား ကာကွယ်ရေး တပ် (KNDO) ပူးပေါင်းတပ်တို့နဲ့ တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လေးကေ့ကော်ဘက် ရသေ့ဂူမှာ နေ့လယ်ပိုင်း တိုက်ပွဲဖြစ်တယ်။ မနက်က ဆုံစည်းမြိုင်ဘက် သေ့ဘော ဘိုးရွာ ကော့ကရိတ်ဘက်လည်းဖြစ်တယ်"
သေ့ဘောဘိုးဘက်ကနေ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံဘက်ကိုလည်း လက်နက်ကြီးကျည်ဆန်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေထဲ ရောက်နေတဲ့ PDF တပ်ဖွဲ့ဝင် ကိုစိုင်း ကလည်း ကော့ကရိတ်၊ လေးကေ့ကော်တို့ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ RFA ကို အတည်ပြုပြောပါတယ်။
လေးကေ့ကော်မြို့သစ်အနီးက ဗျုဟာကုန်း (အမြှောက်ကုန်း) ကို လက်ရှိ တစ်ပတ်ကြာတဲ့အထိ စစ်ကောင်စီ တပ်က ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး မြဝတီမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်တွေ အင်အားတိုးချဲ့နေတယ် လို့ သူက ဆိုပါတယ်။
လေးကေ့ကော်မြို့သစ်တဝိုက်မှာ တစ်ပတ်ကျော်ကြာတဲ့အထိ တိုက်ပွဲတွေဖြစ်နေပြီး ဘုရားကုန်း တပ်စခန်းနဲ့ ဗျုဟာကုန်း (အမြှောက်ကုန်း) စတဲ့ နေရာနှစ်ခုမှာသာ စစ်ကောင်စီရဲ့တပ်စခန်းတွေပဲ ကျန်ရှိနေတာ ဖြစ်ပါ တယ်။