ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲဆက်ဖြစ်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်ခွဲအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကိုးကန့်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဘက်က မုံးကိုးမြို့နယ်အတွင်းက သံလွင်မြစ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ကိုးကန့်တပ်ဖွဲ့ရဲ့ မန်ရန်စခန်းနဲ့ ရှိကျိကျတောင်တန်းတွေကို ဒီဇင်ဘာလဆန်းကတည်းကစပြီး အကြိမ်ကြိမ် လာရောက်တိုက် ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ မနေ့က နေ့လယ်ပိုင်းမှာတော့ လားရှိုးမြို့နယ်နဲ့ မိုင်းရယ်မြို့ကြားက နမ့်ပူးအုပ်စု နုပ်ဂုတ်ကျေးရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်တွေနဲ့ပါလာရောက် တိုက်ခိုက်ခဲ့တယ်လို့ နမ့်ပူးအုပ်စုအတွင်းမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း သိန္ဒီမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ကိုးကန့်တပ်ဖွဲ့အနေနဲ့ အရင်ထက် နယ်မြေစိုးမိုးမှု ပိုလုပ်လာတာ၊ အစွန်အဖျားကျတဲ့ တပ်မတော်တပ်စခန်းတွေကို အဝေးကနေ တိုက်ခိုက်လာတာတွေကြောင့် အခုလဆန်းပိုင်းကစလို့ ကိုးကန့်တပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ပိုဖြစ်လာတာလို့ RFA ကို ပြောပါတယ်။
နိုင်ငံရေး၊ စစ်ရေးလေ့လာသူတွေကတော့ ကိုးကန့်တပ်ဖွဲ့အနေနဲ့ သူတို့စွန့်လွှတ်ခဲ့ရတဲ့ ကိုးကန့်ဒေသ နေရာ အချို့ကို ပြန်လည်စိုးမိုးမှုရဖို့ စစ်ရေးအရအရေးပါတဲ့ မုံးကိုးဒေသကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေပြီး စစ် ကောင်စီဘက်ကလည်း ကိုးကန့်တပ်ဖွဲ့ မုံးကိုးဒေသကို ထိန်းချုပ်လို့မရအောင် တိုက်ခိုက်နိုင်တာကြောင့် ရှမ်းမြောက်ဒေသက နေရာတော်တော်များများမှာ နှစ်ဖက်တိုက်ပွဲ ပိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ကြ ပါတယ်။