မြေမြှုပ်ထားတဲ့ တိုက်လေယာဉ်တွေကို ပြန်လည်ရှာဖွေ

မြှပ်နှံထားတဲ့ လေယာဉ်တွေကို ပြန်လည်ရှာဖွေတဲ့အဖွဲ့ရဲ့ ရှာဖွေမှုကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မြစ်ကြီးနားမြို့က လေယာဉ်ကွင်းမှာ စတင်နေပြီး၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ Park Royal ဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
အဲဒီတိုက်လေယာဉ်တွေ ပြန်လည် တူးဖော်ဖို့ကို ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဧပြီလက ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း မြန်မာနိုင်ငံကို လာရောက် လည်ပတ်ပြီး နောက်ပိုင်းမှာ နှစ်ဖက်အစိုးရတွေနဲ့ ရွေတောင်ပေါ်အုပ်စု ကုမ္ပဏီတို့အကြား သဘောတူ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
အခုလို တူးဖော်ရာမှာ ကန်ထရိုက် (၂)နှစ်စာချုပ်အတွင်း တိုက်လေယာဉ် အစီး(၆၀)ကို မင်္ဂလာဒုံမြို့နယ်မှာ (၃၆)စီး၊ မြစ်ကြီးနားမြို့မှာ (၁၈)စီးနဲ့ မိထ္ထီလာမြို့မှာ (၆)စီး တူးဖော်သွားဖို့ စီစဉ်ထားပါတယ်။
ဒီအခမ်းအနားကို ရွှေတောင်ပေါ်အုပ်စု ကုမ္ပဏီလိမိတက်မှ ဦးဆောင်ညွန်ကြားရေးမှူး ဦးထူးထူးဇော် အပြင် ဒဂုံတက္ကသိုလ်က ဘူမိဗေဒ ပါမောက္ခဟောင်း ဦးစိုးသိန်း၊ အင်္ဂလန်နိုင်ငံက လေယာဉ်သမိုင်း လေ့လာသူနဲ့ ပညာရှင် Mr.David Cundall နဲ့ လေယာဉ်ရှိကြောင်း စတင်တူးဖော်တွေ့ရှိခဲ့တဲ့ မျက်မြင်သက်သေ Mr.Staniey Combe တို့တက်ရောက်ခဲ့ကြပြီး ပြည်တွင်း၊ ပြည်ပသတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည် ဖြေကြားခဲ့ပါတယ်။