ဖင်လန်နိုင်ငံရောက် မြန်မာလူမျိုးနှစ်ဦး လူမှုထူးချွန်ဆု ရရှိ

မြန်မာဒုက္ခသည်တွေအရေး ဆောင်ရွက်ပေးနေတဲ့ ဖင်လန်နိုင်ငံက မမေမျိုးသွင်နဲ့ ကိုသားဆွေ ဇနီးမောင်နှံ နှစ်ဦးကို ဒေသဆိုင်ရာ ကြက်ခြေနီ အသင်းက ပထမဦးဆုံးအကြိမ် နိုင်ငံခြားသား လူမှုထူးချွန်ဆုကို ဒီကနေ့ ချီးမြှင့်လိုက်ပါတယ်။

2011.03.20

ဖင်လန် ဒေသဆိုင်ရာ ကြက်ခြေနီအသင်းကြီးဟာ ဖင်လန်နိုင်ငံမှာ အခြေချ နေထိုင်ဖို့ ရောက်လာတဲ့ နိုင်ငံတကာ ဒုက္ခသည်တွေကို ဌာနေလူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေနဲ့ ရင်းနှီးလာအောင် ကူညီဆောင်ရွက်ဖို့ ဌာနတခု ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးနေတယ်လို့ လူမှုထူးချွန်ဆု ချီးမြှင့်ခံရတဲ့ ကိုသားဆွေက ပြောပါတယ်။

“အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေကို နေ့စဉ်ကိစ္စတွေမှာ ကူညီပေးတယ်ပေါ့ဗျာ။ ဥပမာ ဈေးဝယ်တာက အစ၊ ကျောင်းကိစ္စ၊ ကျန်းမာရေးကိစ္စ၊ တယ်လီဖုန်းလိုင်းကိစ္စ လိုအပ်တဲ့ဟာတွေ အကုန်ပေ့ါ။ နောက် သူတို့အိမ်တွေကို ဖိတ်ခေါ်ပြီးတော့ ဖင်လန်အစားအသောက်တွေ ချက်ပြုတ်ကျွေးမွေးတယ်။ ကလေးတွေကို ကစားစရာတွေ ပေးတယ်၊ သူတို့ သားသမီးတွေနဲ့ ပေးဆော့တယ်။ ဖင်လန်ဒေသခံတွေနဲ့ ဖင်လန်ကို ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကြားမှာ ဆက်စပ်ပေးတဲ့ ပေါင်းကူးတံတားပေ့ါ။ အခု ဆုပေးတာ အဲဒီအဖွဲ့က ပေးတာပါ”

ဆုချီးမြှင့်ခံရတဲ့ ကိုသားဆွေနဲ့ မမေမျိူးသွင်တို့ နှစ်ဦးစလုံးဟာ ဖင်လန်နိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရေး လုပ်ငန်းတွေမှာ ၁ဝ နှစ်ကျော် တက်တက်ကြွကြွ လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း လူမှုရေး လုပ်ငန်းတွေကို လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ မမေမျိုးသွင်က ပြောပါတယ်။

“နိုင်ငံခြားသား ပေါင်းစုံထဲမှာ ရွေးချယ်လိုက်တဲ့အတွက် မြန်မာနိုင်ငံသား တယောက်အနေနဲ့ ဂုဏ်ယူပါတယ်။ ပထမဆုံး ဒီ Finnish Red Cross အဖွဲ့နဲ့ ပူးတွဲပြီး လုပ်တာကတော့ နာဂစ်ပေါ့။ နာဂစ်တုန်းက ကိုယ့်ဗမာ အသိုင်းအဝိုင်းမှာ အလှူငွေ လိုက်ကောက်တယ်။ နောက် ဒီအဖွဲ့နဲ့ ပေါင်းပြီး မြို့လည်တွေမှာ အလှူငွေတွေ ကောက်တယ်။ ရလာတဲ့ ငွေတွေကို ဒီ Finish Red Cross ကနေပြီးတော့ပဲ ဗမာပြည်တွင်းကို လှူဒါန်းတယ်။ ရှေ့ဆက်ပြီး ဒီလိုပဲ လူမှုရေးလုပ်ငန်းတွေ လုပ်သွားဖို့ သံန္နိဋ္ဌာန် ချထားပါတယ်”

ဖင်လန်နိုင်ငံမှာ ဒုက္ခသည်ဦးရေ အများဆုံးက အိမ်နီးချင်း ရှရှားလူမျိုးတွေ ဖြစ်ပါတယ်။ မြန်မာဒုက္ခသည် စုစုပေါင်း တထောင်ကျော် ရှိပြီး လူဦးရေအဆင့်အားဖြင့် နံပါတ် ၅ မှာ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။