အရာတော်မြို့နယ် ကဲဘာရွာ မီးလောင်ကျွမ်း၊ အိမ်ခြေ ၁၀၀ နီးပါး ဆုံးရှုံး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကဲဘာရွာမှာ ဒီဇင်ဘာ ၁၃ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး မီးလောင်ကျွမ်းခဲ့လို့ အိမ်ခြေ ၁၀၀ နီးပါး ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက် ၉ နာရီဝန်းကျင်မှာ အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီးတဲ့နောက် မီးလောင်ကျွမ်းခဲ့တာလို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။
"ဝင်လာပြီး ချက်ချင်းရှို့တာပါဗျ။ တစ်အိမ်ထဲက စလောင်တာမျိုးမဟုတ်ဘဲ နေရာအနှံ့ တစ်ပြိုင်တည်း လောင်တဲ့ ပုံစံပါခင်ဗျ။ အကုန်နီးပါးဗျ။ အိမ်ခြေ ၁၀၀ လောက်ရှိပါမယ်"
ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေ ဝင်မလာခင်ကတည်းက တိမ်းရှောင်နေကြတာဖြစ်ပြီး မီးလောင်ကျွမ်း နေချိန်မှာ မီးငြှိမ်းသတ်ဖို့ ရွာထဲမှာ ဒေသခံတွေ ရှိမနေဘူးလို့ ပြောပါတယ်။
ဒီညနေ ၄ နာရီလောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြန်ထွက်သွားခဲ့လို့ ဒေသခံတွေ ဝင်ရောက် မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ကဲဘာရွာထဲမှာ ဒေသခံကာကွယ်ရေးတပ် (PDF) တွေရှိတယ်လို့ စစ်ကောင်စီတပ်တွေက စွပ်စွဲပြီး ဝင်လာတာဖြစ်သလို၊ စစ်ကောင်စီရဲ့ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ - ၁၀) အရပ်အခေါ် အရှေ့တပ်နဲ့ စစ်တပ်ထောက်ခံသူတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ လက်ရှိမှာတော့ သလဲဘာရွာအနီး ဆုတောင်းပြည့် မြစည်းခုံဘုရားမှာ တပ်စွဲနေတယ်လို့ ပြောပါတယ်။ ဘာကြောင့် မီးလောင်ကျွမ်းခဲ့ရတယ်ဆိုတာကို RFA က သီးခြားအတည်ပြုလို့ မရသေးသလို စစ်ကောင်စီရဲ့ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
ကဲဘာရွာအနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ နဲ့ ၈ ရက်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ခဲ့ဖူးပါတယ်။