ထီးချိုင့်မြို့က အလယ်တောရဲစခန်း မီးရှို့တိုက်ခိုက်ခံရ

2021.10.04
ထီးချိုင့်မြို့က အလယ်တောရဲစခန်း မီးရှို့တိုက်ခိုက်ခံရ မီးရှို့တိုက်ခိုက်ခံရတဲ့ ထီးချိုင့်မြို့နယ်က အလယ်တောရဲစခန်းကို ၂၀၂၁ အောက်တိုဘာ ၃ ရက်နေ့က တွေ့ရစဥ်
Photo: CJ
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က အလယ်တောရဲစခန်းကို အောက်တိုဘာလ ၃ ရက် မနေ့ည ၉ နာရီဝန်းကျင် ခန့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ရဲစခန်းအပြင် ကားတွေပါ မီးရှို့ခံရပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်တဲ့အသံတွေကိုပါ ကြားရပေမယ့် ထိခိုက်သေဆုံးမှုကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ထီးချိုင့်မြို့နယ် ဒေသခံတွေက ဆိုပါတယ်။
 
အလယ်တောရဲစခန်းဟာ ရဲတွေရော ပစ္စည်းအချို့ပါ ရွှေ့ပြောင်းထားတာကြာပြီဖြစ်ပြီး မနေ့ကတိုက်ခိုက်မှု ဖြစ်ချိန် အဲဒီရဲစခန်းမှာ အစောင့်အချို့သာရှိနေတာဖြစ်ပါတယ်။
 
အောက်တိုဘာလ ၄ ရက် ဒီနေ့ မနက်အစောပိုင်းကလည်း ထီးချိုင့်မြို့မရဲစခန်းကို လက်နက်ကြီးနဲ့ အပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စစ်ကိုင်းတိုင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံနေရာတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက နေ့စဉ်နီးပါး တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အင်အားဖြည့်တင်းမှုတွေလုပ်နေပါတယ်။
 
ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကိုင်းတိုင်းကို အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကားအစီး ၈၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းဟာ ပုလဲမြို့နယ်အဝင်မှာ မိုင်းအလုံး ၂၀ ကျော် ဖောက်ခွဲခံခဲ့ရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။