မုံရွာမှာ မီးလောင်
2011.03.22

မီးလောင်တဲ့ ကုတို့ဆိပ်ရပ်ကွက်ဟာ ခြံဝင်းတွေနဲ့ ပိတ်နေတဲ့ နေရာဖြစ်တဲ့အတွက် မီးငြိမ်းသတ်ရ ခက်ခဲတာမို့ အနီးရှိ စစ်ကိုင်းနဲ့ မြင်းမူက မီးသတ်ကားတွေ လာရောက် ငြိမ်းသတ်ပေးခဲ့ရပါတယ်။
ည ၈ နာရီနီးပါးက စလောင်တဲ့မီးဟာ မနက်မိုးလင်းအထိ ငြိမ်းသတ်နေရတုန်းပဲလို့ မုံရွာ အဝေးပြေး ကားဂိတ် တာဝန်ခံတဦးက RFA ကို ပြောပါတယ်
“မြို့ပတ်လမ်းကို တော်တော်များများ ပါမယ်ထင်တယ်။ လူတွေကတော့ ဘာသံမှတော့ မကြားသေးဘူး၊ ခုထိတော့။ ကျွန်မတို့ မြို့ပတ်လမ်းက နောက်ကျောပေါ့။ အဲဒီ နောက်ကျောကနေ စပြီး မီးလောင်လိုက်တာ အဲဒီကနေပေါ့၊ ကမ်းနားတောက်လျှောက် ပါသွားတယ်။ မီးသတ်ကားတွေ ရှိသေးတယ်။ အကျွင်းအကျန်တွေ ငြှိမ်းနေတာ။ ကျွန်မတို့ ၈ နာရီမထိုးခင်လောက်၊ ၇ နာရီခွဲလောက်ကနေ လောင်တယ်ထင်ပါရဲ့။ ကျွန်မတို့ ၈ မတ်တင်းကျ မီးတောက်မြင်တာပဲ။ မီးလောင်တဲ့နေရာက ကားဝင်လို့ မရတဲ့ နေရာ ဖြစ်သွားလို့ ကြားထဲကို အဝေးကပဲ လှမ်းပက်လို့ ရတယ်။”
ညဖက် လောင်တဲ့မီး ဖြစ်တာမို့ လူ ထိခိုက် ဒဏ်ရာရမှုနဲ့ ပျက်စီးမှုစာရင်းကို ခုချိန်ထိ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မနှစ်က ဇွန်လမှာလည်း မုံရွာရှိ ချင်းတွင်းရတနာ ဈေးကြီး မီးအကြီးအကျယ် လောင်ခဲ့ပြီး ဈေးဆိုင်ခန်း ၄၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ပါတယ်။