မောင်တောတိုက်ပွဲမှာ နှစ်ပတ်တွင်း အရပ်သားခုနစ်ဦး သေဆုံး
2024.07.16
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်က တိုက်ပွဲတွေအတွင်း လူနေရပ်ရွာတွေ မီးရှို့ခံရသလို ဇူလိုင်လ ၁ ရက်ကနေ ၁၅ ရက်အထိ နှစ်ပတ်အတွင်းမှာ အရပ်သားခုနစ်ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်တောမြို့မြောက်ဘက်က အိမ်ခြေနှစ်ရာဝန်းကျင်ရှိတဲ့ အောင်ဗလရွာနဲ့ အဲဒီရွာနဲ့ကပ်လျက်က ဟိန္ဒူရွာဟောင်းနေရာတို့ကို စစ်ကောင်စီတပ်နဲ့ သူတို့သင်တန်းပေးထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁၁ ရက်နေ့ကတစ်ကြိမ်၊ ဇူလိုင် ၁၄ ရက်နေ့ကတစ်ကြိမ် ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး အောင်ဗလရွာမှာ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းသာ ကျန်တော့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဟုတ်ပါတယ်။ အောင်ဗလရွာအားလုံး မီးလောင်သွားပြီ၊ ဘာမှမကျန်ဘူး။ ဘုန်းကြီးကျောင်း တစ်ခု ကျန်တယ်။ သုံးလေးရက်ရှိပြီ။ သူတို့ မီးရှို့နေတာ။ အဲဒီဘုန်းကြီးကျောင်းမှာလည်း သူတို့ (စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့) နေပါတယ်”
တိုက်ပွဲတွေအတွင်း အောင်ဗလရွာအနီးက စစ်ဘေးဒုက္ခသည်စခန်းကို ဇူလိုင် ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ ဒုက္ခသည် လေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
မောင်တောမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားတချို့ ဒီရက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိနေပါတယ်။