ပေါက်တော ကြိမ်နီပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းက နေအိမ်နှစ်ရာနီးပါး မီးလောင်

RFA Burmese
2023.05.08
ပေါက်တော ကြိမ်နီပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းက နေအိမ်နှစ်ရာနီးပါး မီးလောင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် ရိုဟင်ဂျာဒုက္ခသည်စခန်း ၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နေ့က မီးလောင်နေသည်ကို တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာရှိတဲ့ ကြိမ်နီပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ မေလ ၇ ရက် ညနေကနေ ည ၉ နာရီခန့်အထိ မီးလောင်ကျွမ်းခဲ့တာကြောင့် နေအိမ်ပေါင်း ၁၈၅ လုံးဟာ မီးလောင်ပျက်စီးသွားတယ်လို့ ရိုဟင်ဂျာတွေက RFA ကို ပြောပါတယ်။

ထမင်းချက်ရာကနေ မတော်တဆမီးလောင်ခဲ့တာလို့ အဲဒီစခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးလှမောင်က RFA ကို ပြောပါတယ်။

"ထမင်းချက်တဲ့မီးကနေ မတော်တဆမီးလောင်သွားတာပါ။ အိမ်ခြေအားလုံး ၁၈၅ ဆောင်ပါသွားတယ်။ ညနေ ၅ နာရီခွဲကျော်လောက်က စလောင်တာ ၉ နာရီလောက်မှ မီးငြိမ်းသွားတယ်။ မီးသတ်အဖွဲ့တွေလည်း ရောက်လာပါတယ်။ လူတွေသေဆုံးတာတော့ မရှိပါဘူး"

မီးလောင်သွားတဲ့နေအိမ်တွေမှာ မိသားစုအနည်းဆုံး နှစ်စု၊ သုံးစု နေထိုင်ကြတာကြောင့် လက်ရှိမှာ အိမ်ထောင်စုငါးရာကျော်က လူဦးရေသုံးထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီလို့ ဆိုပါတယ်။

မီးဘေးသင့်ဒုက္ခသည်တွေဟာ စာသင်ကျောင်းတွေနဲ့ နီးစပ်ရာနေရာတွေမှာ ယာယီခိုလှုံနေကြပြီး စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ မီးထဲပါသွားတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဦးလှမောင်က ပြောပါတယ်။

အဲဒီ ကြိမ်နီပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ အိမ်ထောင်စုတစ်ထောင်ကျော် စုစုပေါင်းလူဦးရေ ခုနစ်ထောင်ကျော်ရှိပြီး ၂၀၁၂ ခုနှစ်ကတည်းက အဲဒီစခန်းမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။