ပထမဆုံး အမျိုးသမီး နိုင်ငံရေးပါတီ မွန်အမျိုးသမီးတွေ လျှောက်ထား


2014.10.15
mon-305.jpg မွန်ပြည်နယ် မော့ကနင်ကျေးရွာမှာကျင်းပတဲ့ မွန်လူငယ်နေ့မှာ မွန်အမျိူးသမီးတွေ သရုပ်ပြချီတက်စဉ်
Photo: Kyaw Lwin Oo/RFA

မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီးပါတီကို ထူထောင် ခွင့်ရရှိဖို့အတွက် မွန်အမျိုးသမီးတွေက ဦးဆောင်ပြီး သက်ဆိုင်ရာကို မနေ့က လျှောက်ထားလိုက်ပါတယ်။

လက်ရှိနိုင်ငံရေးပါတီတွေမှာ အမျိုးသမီးတွေ တန်းတူရည်တူ နေရာမရရှိသေးတာကြောင့် နိုင်ငံရေးမှာ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် အခုလို အမျိုးသမီး နိုင်ငံရေးပါတီကို ထူထောင်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ပါတီဥက္ကဌ တာဝန်ယူမယ့် မိသန်းရှင်က ပြောပါတယ်။

"နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီးတွေက တခြားပါတီမှာ ဝင်လို့ရှိရင် အမြဲတမ်းနေရာကောင်းမရဘူး၊ ဘယ်လိုပြောမလဲဆိုတော့ ကလေးနေရာပဲရတယ် လူကြီးနေရာမရဘူးပေါ့နော်၊ ကျမတို့ အမျိုးသမီးတွေက ၃ဝ ရာခိုင်နှုန်းဘာညာပေါ့၊ ကျမတို့လိုချင်တာက အပြည့်ပဲလေ၊ အဲ့ဒါကြောင့် ပါတီထောင်လိုက်မယ်ဆိုရင် တူညီတဲ့အခွင့်အရေးပဲ ကျမတို့ရတာပေါ့၊ အဲဒီ့သဘောနဲ့ ထောင်လိုက်တာပါ၊ ပါတီနာမည်ကျတော့ အမျိုးသမီးတွေ အားလုံးပါဝင်နိုင်အောင်ဆိုပြီး ကျမတို့က အမျိုးသမီးပါတီ လို့ထည့်တယ်

အမျိူးသမီးပါတီကို ထူထောင်ဖို့ အောက်တိုဘာ ၁၄ ရက်နေ့ မနေ့က ရွေးကောက်ပွဲကော်မရှင်ကို မှတ်ပုံတင်လျှောက် ထားခဲ့ပါတယ်။ သူတို့ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ကို အခြေပြုပြီး အခြားတိုင်း နဲ့ ပြည်နယ်တွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

အဲဒီလိုပါဝင်နိုင်ရေးအတွက် တစ်နိုင်ငံလုံးရှိ အမျိုးသမီးတွေနဲ့ ချိတ်ဆက်ပြီး တိုးချဲ့ဖွဲ့စည်းသွားမယ်လို့လည်း မိသန်းရှင်က ပြောပါတယ်။

မွန်ပြည်နယ်မှာ လက်ရှိအားဖြင့် မွန်အမျိုးသားပါတီ MNP ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ NUP စတဲ့ နိုင်ငံရေးပါတီတွေ လှုပ်ရှားလုပ်ကိုင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။