ငါးဖမ်းလှေတွေ ခိုလှုံခွင့်ရရေး အစိုးရက ညှိနှိုင်းပေးရန် လိုအပ်
2018.06.15
တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ပင်လယ်ပြင်မှာရှိတဲ့ ကမ်းနီးငါးဖမ်းလှေတွေဟာ ပုလဲမွေးမြူရေး လုပ်ကိုင်တဲ့ကျွန်းတွေမှာ မုန်တိုင်းခိုလှုံဖို့နဲ့ ရေချိုတက်ပြီး ခတ်နိုင်ဖို့အတွက် တနင်္သာရီတိုင်းလွှတ်တော်မှာ ကိုယ်စားလှယ်က မေးမြန်းရာမှာ တိုင်းအစိုးရက ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဖြေရှင်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က လွှတ်တော် မှာ ဖြေကြားခဲ့တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောပါတယ်။
"ပုလဲကုမ္ပဏီတွေ ပိုင်ဆိုင်မှုတွေ အများကြီးရှိနေတဲ့အတွက်ကြောင့် ခရီးသွားလုပ်ငန်းကိုပါ အနှောင့် အယှက်ဖြစ်နေတဲ့အကြောင်း ဝန်ကြီးကပြောတယ်၊ ကမ်းနီးရေလုပ်သားတွေရဲ့ အခက်အခဲကိုလည်းပဲ ပုလဲကုမ္ပဏီတွေနဲ့ ရေလုပ်သားတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုတဲ့အကြောင်း ကို သူက အဲလိုမျိုး ပြန်ဖြေပါတယ်"
ဒီနေ့ကျင်းပပြုလုပ်တဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ် ဒေါက် တာနေထူးအောင်က မေးမြန်းခဲ့တာဖြစ်ပါတယ်။ ကျွန်းစုမြို့ နယ်ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ ကမ်းနီးငါးဖမ်းရေ လုပ်သားတွေဟာ ရေချိုရဖို့နဲ့ မုန်တိုင်းဖြစ်လာတဲ့အခါ ခိုလှုံဖို့အတွက် အခက်အခဲ ဖြစ်နေတာပါ။
ကျွန်းစုမြို့နယ်က ကမ်းနီးရေလုပ်သားတွေဟာ ပင်လယ်ပြင်မှာ ၁၅ ရက်ကနေ ရက် ၃၀အထိ ငါးဖမ်းထွက်လေ့ ရှိပြီး ရေချိုလိုအပ်တဲ့အချိန်၊ မုန်တိုင်းရှိတဲ့အချိန်မှာ နီးစပ်ရာကျွန်းတွေကို တက်ရောက်ပြီး အရင်က ခိုလှုံခွင့် ရခဲ့ပါတယ်။
ဒါပေမဲ့ ပုလဲမွေးမြူရေးကုမ္ပဏီတွေ ဧကပေါင်းများစွာ လုပ်ပိုင်ခွင့်ရပြီးနောက်ပိုင်း ကျွန်းတွေပေါ်ကို တက်ခွင့်မပေးတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ ဒေါက်တာထူးနေအောင်က ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်းမှာ ပုလဲမွေးမြူးရေးလုပ်ငန်းကို လုပ်ကိုင်နေတဲ့ နိုင်ငံပိုင်ပုလဲစခန်း ၁ခု၊ ပြည်ပဖက်စပ် ပုလဲမွေးမြူရေးစခန်း ၄ခုနဲ့ ပြည်တွင်းဖက်စပ် ပုလဲမွေးမြူရေးစခန်း ၇ ခု စုစုပေါင်း ၁၂ ခုရှိပါတယ်။