မြန်မာရေလုပ်သားတွေ စီးနင်းလာတဲ့ ငါးဖမ်းလှေ ဖူးကက်ရေပိုင်နက်မှာ နစ်မြုပ်
2024.08.12
ထိုင်းနိုင်ငံတောင်ပိုင်းက ဖူးကက်ရေပိုင်နက်ထဲမှာ မြန်မာရေလုပ်သားတွေ လိုက်ပါလာတဲ့ ငါးဖမ်းစက်လှေ ဒီနေ့ မနက်ပိုင်းမှာ တိမ်းမှောက်နစ်မြုပ်ခဲ့တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (FED) ရဲ့ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက RFA ကိုပြောပါတယ်။
အဲဒီလှေပေါ်မှာ လိုက်ပါလာတဲ့ မြန်မာရေလုပ်သား ခြောက်ဦးနဲ့ ထိုင်းနိုင်ငံသား နှစ်ဦး စုစုပေါင်း ရှစ်ဦးကို တခြားလှေတစ်စင်းက ကယ်တင်လိုက်ပြီး နီးစပ်ရာဆေးရုံမှာ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
“လူတွေအားလုံး ကံကောင်းသွားတာ။ တခြားလှေက ကယ်လိုက်လို့ပေါ့။ လှေသားတွေ အားလုံးကို ဆေးရုံပို့ပြီး ဆေးစစ်ချက် လုပ်တာပေါ့။ အဖြစ်အပျက်နဲ့ ပတ်သက်တာတွေ စစ်ဆေးပြီးမှ ဖန်ငဘက်ကို ပြန်ပို့မှာပေါ့”
ဖန်ငပြည်နယ် ကူရဘူရီခရိုင် ဖယ်ဥက္ကံကနေ ထွက်လာတဲ့ အဲဒီ ငါးဖမ်းလှေဟာ ဩဂုတ်လ ၁၂ ရက်နေ့ ဒီနေ့ အစောပိုင်းမှာ ဖူးကက်ရေပိုင်နက် စဖန်စာလဆင် တံတားအနီးမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
လှေလုပ်သားတွေရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ သိရပေမဲ့ သူတို့ရဲ့အထောက်အထားတွေ ရေထဲပါသွား၊ မသွားကိုတော့ မသိရသေးသလို ဖုန်းတွေလည်း ရေထဲပါသွားလို့ တိုက်ရိုက်အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်၊ ဘန်စိုင်မြို့ စနမ်ချိုင်ရွာက သင်္ဘောကျင်း တစ်ခုမှာ လုပ်ငန်းခွင်အတွင်း ပေါက်ကွဲမှုဖြစ်လို့ မြန်မာအလုပ်သမားနှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရာရခဲ့ပါတယ်။