ရသေ့တောင်နဲ့ ကျောက်တော် ပစ်ခတ်မှုကြောင့် ငါးဦး ဒဏ်ရာရ


2020.08.10

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာ သြဂုတ် ၉ ရက် မနေ့က ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီး မိုင်းပေါက်ကွဲမှုတစ်ခုအပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ရာကနေ အပေါက်ဝရဲစခန်း စခန်းမှူး ဒဏ်ရာရခဲ့ပါတယ်။ စခန်းမှာရှိနေချိန်မှာ ထိခိုက်ခဲ့တာဖြစ်ပြီး ခြေထောက်မှာ ထိခိုက်ခဲ့တာဖြစ်ပေမယ့် ဒဏ်ရာကတော့ စိုးရိမ်စရာမရှိဘူးလို့ ကြားသိရကြောင်း ဒေသခံတွေက ပြောပါတယ်။

တပ်မတော်က ပစ်တာလား၊ AA လက်နက်ကိုင်အဖွဲ့က ပစ်တာလား ဆိုတာတော့ မသိရသေးပါဘူး။

မိုင်းပေါက်ကွဲအပြီး တပ်မတော်စစ်ကြောင်းက  အပေါက်ဝကျေးရွာအတွင်း  ဝင်ရောက်ပြီး အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၅၀ လောက်ကို ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာသား သုံးဦးကတော့ ရိုက်နှက်စစ်ဆေးခံရတာကြောင့် ဒဏ်ရာ ရခဲ့တယ်လို့ အသက်အန္တရာယ် လုံခြုံရေး အခြေအနေအရ အမည်မဖော်လိုတဲ့ အပေါက်ဝဒေသခံ တစ်ဦးက ပြောပါတယ်။

"အသက်လေးဆယ်လောက်ရှိတယ် သူက ခေါင်းကွဲသွားတယ် ကျန်တဲ့သူတော့မကွဲဘူး အကုန်လွတ်ပြီ မနေ့ကထဲက မိန်းကလေးတွေရောအကုန်ဖမ်းတယ် အသက်ကြီးတဲ့သူတွေရော ပြီးတော့ အုပ်ချုပ်ရေးမှူး ခေါ်တယ် ပြီးတော့ပြောတယ် ရွာနားမှာ မိုင်းမပေါက်စေနဲ့ မိုင်းပေါက်ရင် အစိုးမဆိုနဲ့ တင်းမကိုကြည့်လို့ ပြောတယ် တင်းမမှာ မိုင်းပေါက်လို့ အကုန်မီးရှို့ခံရတယ် ပြည်သူကို ချိန်းခြောက်တဲ့သဘောလဲ ဖြစ်နေတယ်။"

ဖမ်းဆီးနှိပ်စက်ခံရသူတွေဟာ အသက် ၄၇ နှစ်အရွယ် ဦးမောင်သန်းလှ၊ အသက် ၃၈ နှစ်အရွယ် ဦးအထွန်းနဲ့ အသက် ၄၀ အရွယ် ဦးမောင်ညွန့်လှိုင်တို့ ဖြစ်ကြပါတယ်။

ရွာသားအားလုံးကို မနေ့ကပဲ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး စစ်ကြောရေးအတွင်း ရွာသား သုံးဦး ရရှိခဲ့တဲ့ ဒဏ်ရာတွေက အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ကျေးရွာအနီး ပေါက်ကွဲမှုဖြစ်တာကြောင့် ကျေးရွာသား ၄၀၀ လောက်ဟာ နေအိမ်မှာ မနေရဲတော့ဘဲ ကျောက်တော်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

မနေ့ကပဲ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာဘက်ကို မေယုမြစ်ထဲကနေ ပစ်ခတ်တာကြောင့် အောက်ကျောင်းတောင်ကျေးရွာက ဒေသခံလေးဦး ကျည်စတွေ ထိမှန်ခဲ့ပြီး ဒဏ်ရာတွေကတော့ မစိုးရိမ်ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မေယုမြစ်ထဲကနေ ဖြတ်သွားတဲ့ တပ်မတော်ရေယာဉ်တွေက လှမ်းပစ်တာလို့ အသက်အန္တရာယ် လုံခြုံရေး အခြေအနေအရ အမည်မဖော်လိုတဲ့ စေတီပြင်ကျေးရွာက ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အောက်ကျောင်တောင်ဆိုတာရှိတယ် အဲဒီမှာ လက်နက်ကြီး သုံး၊ လေးလုံးလောက်ကျတယ်ကြားတယ် တိုက်ပွဲဖြစ်တာမဟုတ်ဘူး ဇက်ကနေ ပစ်တာလို့ကြားတယ် မနက်က နှစ်စီးသွားတယ် နေ့ခင်း နှစ်စီးသွားတယ် စုစုပေါင်းလေးစီး ဒီနေ့မနက် အဲဒီဇက်သင်္ဘောတွေက ရွာနားမှာပဲ အခု ရပ်နေတယ်ကြားတယ် ပစ်ခတ်တာတော့ မကြားတော့ဘူး.။"

စေတီပြင်ကျေးရွာအုပ်စုထဲက ဒေသခံတွေဟာ မနေ့ကတည်းက ရသေ့တောင်မြို့ပေါ် ရပ်ကွက်တချို့နဲ့ နီးစပ်ရာ ကျေးရွာတချို့ဘက်ကို ထွက်ပြေးကြရပါတယ်။

တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေကြောင့် ဒေသခံတွေဟာ နေ့စဉ်ဆိုသလို ပိုမိုလုံခြုံမှုရှိမယ့် နေရာကို ထွက်ပြေး ခိုလှုံကြရပါတယ်။

စေတီပြင်ကျေးရွာနဲ့ အပေါက်ဝ ကျေးရွာသားတွေ ထိခိုက် ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ညနေ ၃ နာရီအထိ လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

တပ်မတော်စစ်ကြောင်းကို AA အဖွဲ့ဝင်တွေက တိုက်ခိုက်ပြီး ရွာတွေထဲကို ဝင်ပြေးသွားတာတွေ ရှိရင်တော့ တပ်မတော်အနေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်လာနိုင်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော် သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုထားပါတယ်။

မိုးတွင်းကာလမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံတွေဟာ အခက်အခဲ ကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုပါတယ်။

"မနေ့က တိုက်ခိုက်မှုဖြစ်တာတော့မဟုတ်ဘူး လက်နက်ကြီးနဲ့ပစ်လို့ လက်နက်ကြီးအစအနတွေ ကျတာဆိုတော့ ဒဏ်ရာကတော့ မပြင်းထန်ဘူး ဆေးရုံမသွားဖြစ်ဘူး ဒီတိုင်းပဲပြီးသွားတယ် ဒေသခံတွေ ကတော့ အမြဲတမ်း ပြေးနေရတာပါပဲ အခုဆို ပြန်မသွားရသေးတဲ့သူတွေ ရသေ့တောင်မှာ အများကြီးပဲ နေရထိုင်ရလဲ အရမ်းခက်တယ် အိမ်ခန်းတွေကလည်းပြည့်နေပြီ ဘုန်းကြီးကျောင်းတွေမှာလည်း အများကြီးပဲ နေစရာမရှိလို့ စားသုံးဖို့ဂိုထောင်ထဲမှာတောင် ပြွတ်သိပ်နေရတာတွေရှိတယ်။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ စတင်ပြင်းထန်လာခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ရ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် ဦးရေဟာ နှစ်သိန်းနီးပါးအထိ ရှိနေတယ်လို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။