ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ငါးဦးရှိပြီ
2020.03.26
မတ်လ ၂၆ ရက်နေ့ ညပိုင်းအထိ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ်နှစ်ဦး တွေ့ရှိရတဲ့အတွက် မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့သူ ငါးဦး ရှိသွားပါပြီ။
အမေရိကန်နိုင်ငံကနေ ပြန်ရောက်လာပြီးနောက် မန္တလေး ကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်ကုသပေးနေတဲ့ အမျိုးသားတစ်ဦးနဲ့၊ ဩစတြေးလျနိုင်ငံကနေ ပြန်ရောက်လာပြီးနောက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ စောင့်ကြည့်ကုသပေးနေတဲ့ အမျိုးသားတစ်ဦးမှာ ရောဂါပိုးတွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၁ နာရီ ၄၅ မိနစ်မှာ သတင်း ထုတ်ပြန်လိုက်တာပါ။
ကန်တော်နဒီဆေးရုံမှာ ကုသပေးနေသူဟာ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က အသက် (၃၃) နှစ်အရွယ် အမျိုးသားဖြစ်ပြီး မတ်လ ၁၉ ရက်နေ့မှာ ရန်ကုန်မြို့ကို Qatar Airline နဲ့ ပြန်ရောက်လာတာလို့ ဆိုပါတယ်။ အဲဒီနောက် တောင်ဥက္ကလာမြို့နယ်မှာ တစ်ညအိပ် နေထိုင်ခဲ့ပြီး၊ မတ်လ ၂၀ ရက်နေ့ညမှာ မန္တလေးမြို့ကို ခိုင်မန္တလေး အဝေးပြေးကားနဲ့ သွားရောက်ခဲ့ပြီး ကားဂိတ်ကနေ နေအိမ်ကို မီနီအိုးဝေယာဉ်နဲ့ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာ ကုသပေးနေသူဟာ မင်္ဂလာတောင်ညွန့်မြို့နယ်က အသက် (၆၉) နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ဩစတြေးလျ နိုင်ငံမှာ နှာခေါင်းကင်ဆာရောဂါ ဆေးကုသမှုခံယူပြီး မတ်လ ၁၄ ရက်နေ့မှာ စင်္ကာပူကတဆင့် ပြန်ရောက်လာတာလို့ ဆိုပါတယ်။
ဒီအတည်ပြုလူနာနှစ်ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဓာတ်ခွဲခန်းကို ဆက်လက်ပေးပို့ အတည်ပြုချက်ရယူပြီး၊ အနီးကပ် ထိတွေ့ခဲ့သူအားလုံးကို စုံစမ်းဖော်ထုတ် စောင့်ကြည့်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီလူနာနှစ်ဦးနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေအနေနဲ့ နီးစပ်ရာ ကျန်းမာရေးဌာနကို ဆက်သွယ်အကြောင်းကြားကြ ဖို့လည်း တိုက်တွန်းထားပါတယ်။
မတ်လ ၂၆ ရက်နေ့၊ ည ၈ နာရီအချိန်အထိ သက်ဆိုင်ရာဆေးရုံတွေမှာ ကုသပေးနေတဲ့ စောင့်ကြည့်လူနာ အယောက် (၂၀) ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။