နေထိုင်သွားလာစရိတ်နဲ့ တခြား ခံစားခွင့်တွေပါပေးဖို့ သမဂ္ဂ ၅ ခုတောင်းဆို
2015.07.03

အခြေခံလုပ်ခလစာကို တစ်ရက်ကျပ် ၃၆၀၀ အပြင် သွားလာစရိတ်၊ နေထိုင်စရိတ်နဲ့ တခြားခံစားခွင့်တွေ ပါ ပေးမယ်ဆိုရင် လက်ခံမှာဖြစ်ကြောင်း အလုပ်သမားအဖွဲ့အစည်း ၅ ဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
ရန်ကုန် အင်းစိန်မြို့နယ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်လင်းက သူတို့ရဲ့တောင်းဆိုချက်တွေကို အခုလို ပြောပါတယ်။
"လုပ်ခလစာ ၄ဝဝဝ ဘာကြောင့်လိုအပ်သလဲဆိုတာကို ကျနော်တို့ ခွဲခြမ်းစိတ်ဖြာတဲ့အချိန်မှာ ပထမဆုံး လူမှုအသုံးစရိတ်တွေထွက်လာတယ်၊ အဲ့ဒီလူမှုအသုံးစရိတ်တွေပေါ့နော် ဥပမာ နေထိုင်မှုစားစရိတ်တွေ ရှိတယ်၊ နောက်တစ်ချက်က နေ့တိုးကြေးတွေအပါအဝင်ပေါ့ ဒါ့ကြောင့်မို့လို့ အမျိုးသားကော်မတီက အဆိုပြုနှုန်းထား သတ်မှတ်လိုက်တဲ့ ၃၆ဝဝ အပေါ်မှာ လူနေမှုအသုံးစရိတ်တွေ ထည့်ပေါင်းပေးရမယ် ၊ နေထိုင်မှုစရိတ်တွေ စီစဉ်ပေးရမယ်၊ နှစ်စဉ် ဧပြီလ ဘက်ဂျက်လအတွင်းတိုင်းမှာ နေ့တိုးကြေး တစ်သောင်း ပါဝင်ထည့်သွင်းပေးရမယ် ဆိုတဲ့အဆိုပြုချက်နှုန်းထားတွေနဲ့ ကျနော်တို့ တင်ပြတောင်းဆိုပါတယ်"
ရွှေပေါက်ကံစက်မှုဇုန်မှာရှိတဲ့ Princess Power အထည်ချုပ်လုပ်ငန်းရှင် ကိုထွန်းထွန်းကတော့ အစိုးရသတ်မှတ် ချက်ကို အတည်ပြုလိုက်မယ်ဆိုရင် အလုပ်သမားတွေ လျှော့ချရမှာဖြစ်ပြီး စက်ရုံတွေပိတ်သိမ်းရတဲ့အထိ ဖြစ်လာနိုင် တယ်လို့ ပြောပါတယ်။
"ဥပဒေပြုပြီးတော့ အများနဲ့အညီလုပ်ရမယ်ဆိုရင် ကျနော်တို့လုပ်နိုင်တာက စွမ်းရည်ပြည့်လုပ်နိုင်တဲ့ အလုပ်သမားထုနဲ့ ကျနော်တို့ ကြိုးစားပြီးလုပ်မယ်၊ အဲ့လိုလုပ်တဲ့အခါမှာ စွမ်းရည်မမီတဲ့အလုပ်သမားတွေကို ကျနော်တို့က သိပ်ပြီးတော့လျော့လာရတော့မယ် အဲ့လိုလျော့ပြီးတော့မှလုပ်ကြည့်မယ်၊ လုပ်ကြည့်လို့မှ ကျနော်တို့က ဆက်ပြီးတော့မှ ထိန်းသိမ်းနိုင်စွမ်းမရှိရင်တော့ ဥပဒေကို ကျနော်တို့ကတော့ ဘယ်လိုမှ လွန်ဆန်လို့မရဘူး၊ လုပ်လည်းမလုပ်နိုင်ဘူး ဆက်လုပ်စရာအရင်းအနှီးလည်း မရှိတော့ဘူးဆိုရင်လေ ကျနော်တို့ကရပ်ရမှာ အဲ့ဒါဟာနောက်ဆုံးအဆင့်ပါ"
အထည်ချုပ်လုပ်ငန်းရှင်တွေအနေနဲ့ တစ်ရက်လုပ်ခ ၃၆၀၀ကို ကန့်ကွက်ကြောင်း သူတို့အနေနဲ့ တစ်ရက် ကျပ် ၂၅၀၀ ထက် ပိုမပေးနိုင်ကြောင်း ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာလည်း ပြောကြားခဲ့ပါတယ်။
အလုပ်သမားတွေဘက်က ဒီနေ့ ကြေညာချက်ကို မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနဲ့ စားသောက်ကုန်ထုတ်လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကျောင်းဆရာ ဆရာမများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ်နဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်တို့ ပူးတွဲထုတ်ပြန်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်လင်းကို RFA သတင်းထောက် မဇာဏီထွဏ်း တွေ့ ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအဖွဲ့ဝင် Princess Power အထည်ချုပ်စက်ရုံ ဒါရိုက်တာ ကိုထွန်းထွန်းကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
တဆက်တည်း အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်ကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။