ကလေးမြို့နယ် တောင်ပိုင်းမှာ အမျိုးသားငါးဦး မီးရှို့သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း ကလေးမြို့နယ် အင်းကျွန်းကျေးရွာအနီးက လယ်တဲတစ်ခုမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ အမျိုးသားငါးဦးရဲ့ ရုပ်အလောင်းကို ဒီဇင်ဘာလ ၁ ရက် မနေ့က တွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ ရေရှင်ကျေးရွာက ကိုဇော်ထိုက်ဆိုသူနဲ့ အင်းကျွန်းကျေးရွာက အမျိုးသားလေးဦး ဖြစ်တယ်လို့ ဆိုပါတယ်။
မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကို သယ်ယူဖို့ခက်ခဲတာကြောင့် အဲဒီနေရာမှာပဲ မြေမြုပ်သင်္ဂြိုဟ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေကတော့ သူတို့ငါးဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ကျောက်ပြုတ်ကျေးရွာကို ရောက်ရှိ လာတဲ့ အင်အား ၇၀ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တွေ့ပြီးတော့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အခုသတ်ဖြတ်မှုဟာလည်း သူတို့လက်ချက်ဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။
ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုး စားနေဆဲဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို စစ်ဆင်ရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေ ဘက်ကို ရောက်ရှိလာစဉ်မှာပဲ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရေရှင်ကျေးရွာက နေအိမ် ၁၅လုံး၊ ဒီဇင်ဘာ ၁ ရက်နေ့က လယ်ခြား ကျေးရွာက နေအိမ် ၁၃ လုံး၊ ရှားတောကျေးရွာက နေအိမ်ကိုးလုံးနဲ့ ကုက္ကိုလ်ကျေးရွာ က နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ရေရှင်၊ ကုက္ကိုလ်၊ လယ်ခြား၊ မင်းလှ၊ ရှားတော၊ နွားရွာ၊ ကြံသာ၊ တင်သား၊ အရှေ့စည်း၊ ဒိုးနွယ်၊ အင်းကျွန်း၊ ထလုံ စတဲ့ကျေးရွာတွေက ဒေသခံ တစ်သောင်း ကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်သတ်ဖြတ်ခံရသူ ၆၅ ဦးထက်နည်းရှိနေသလို ဖမ်းဆီးခံရသူဟာလည်း ၃၆၅ ဦးထက်မနည်းရှိတယ်လို့ ကလေးမြို့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။