NLD ရှမ်းပြည်နယ် (တောင်ပိုင်း) ခေါင်းဆောင် ၅ ဦး အစားထိုး


2016.09.08
khinmoemoe-shan-nld-620.jpg ပါတီကထုတ်ပယ်ခံရတဲ့ ရှမ်းပြည်တောင်ပိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အလုပ်အမှုဆောင် ဥက္ကဌ ဒေါ်ခင်မိုးမိုး ကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

ရှမ်းပြည်တောင်ပိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်အလုပ်အမှုဆောင်ဥက္ကဌ ဒေါ်ခင်မိုးမိုးနဲ့ အလုပ်မှုဆောင်အဖွဲ့ဝင် ၄ ဦး စုစုပေါင်း ၅ ဦးနေရာမှာ အလုပ်အမှုဆောင်အသစ် ငါးဦးနဲ့ အစားထိုးခန့် အပ်လိုက်ပါတယ်။

အရင်ပါတီဝင်တွေက ပါတီလုပ်ငန်းတွေကိုဆောင်ရွက်ရမှာ အားနည်းချက်တွေရှိတာကြောင့် အခုလို ဆောင်ရွက် ခဲ့တာ ဖြစ်တယ်လို့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးကျော်ခင်က ပြောပါတယ်။

"စာရင်းထုတ်တာ အတည်ပါပဲ၊ ဘယ်နှစ်ဦးလောက်လဲဆိုတော့ အကုန်လဲတာပေါ့၊ ငါးဦးပေါ့၊ ရှင်းရှင်းပြောရင် ပါတီလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ အားနည်းချက်တွေ တွေ့တယ် ဆိုပြီးတော့မှ သုံးသပ်ပြီးမှ ဒေါ်ခင်မိုးမိုးကို ပါတီကနေ ရုပ်သိမ်းတဲ့သဘောပါ၊ ပါတီဝင် အဖြစ်ကလည်း နှုတ်ထွက် ခိုင်းတယ်ဆိုတဲ့သဘော၊ တာဝန်ကလည်း ရုပ်သိမ်းတယ်ဆိုတဲ့သဘော သို့သော်လည်းပဲ အောက်မှာအဖြေတစ်ခုပေးထားတာ ဘာလဲဆိုတော့ သူဟာ ပြန်ပြီးတော့မှ အသနားခံခွင့် ပေးထားတယ်ဆိုတဲ့ အပိုဒ်ရှိတယ်"

အသစ်ခန့်အပ်လိုက်သူတွေကတော့ ရှမ်းပြည်နယ်တောင်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ် အလုပ်မှုဆောင် ဥက္ကဌအဖြစ်  ဦးဇော်မင်းလတ်၊ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်စိန်နဲ့ အဖွဲ့ဝင် ၃ ဦး ဖြစ်ပါတယ်။

ခန့်အပ်ကြောင်းစာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က စက်တင်ဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးကိုလည်း ရာထူးကနေ ဖယ်ရှားလိုက်ပြီး ပါတီက ထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်းနဲ့ သူနေ့ရာမှာ အစားထိုးခန့်အပ်ဖို့ စီစဉ်နေကြောင်း ဦးကျော်ခင် က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။