ရဲတွေကို ရေနွေးပူလောင်းခဲ့သည့် အမျိုးသမီး ငါးဦး ပြန်လွတ်

အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ ပြည်သူတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေအပေါ် တိုက်ပေါ်ကနေ ရေနွေးပူနဲ့လောင်းချခဲ့တဲ့ စမ်းချောင်းမြို့နယ်က လူငယ်အမျိုးသမီး ငါးဦး အောက်တိုဘာလ ၁၉ ရက် ဒီနေ့မှာပဲ စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး တစ်လအကြာ မတ်လ ၁ ရက်နေ့က စမ်းချောင်းမြို့နယ် အောက်တော်မူလမ်းမှာ နေထိုင်တဲ့ လူငယ်အမျိုးသမီး ငါးဦးကို ရဲတွေအပေါ် ရေနွေးပူနဲ့လောင်းချတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်တိုက်ခန်းပေါ်အထိ တက်ရောက်ဖမ်းဆီးပြီး တပ်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲ ထားတာပါ။
အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးသက်နောင်ကလည်း “စမ်းချောင်းက ရေနွေးသူရဲကောင်းမလေးတွေ ထွက်လာပါပြီ” လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီကနေ့ ရေးသား ထားပါတယ်။
ပြန်လွတ်လာသူတွေကတော့ မအိအိအောင်၊ မခင်နှင်းဦး၊ မယုယုဝင်း၊ မဒေလီအောင်နဲ့ မစန္ဒာမိုးတို့ဖြစ်ပြီး သူတို့ဟာ အင်းစိန်အကျဉ်းထောင်မှာ ၇ လကျော် နေခဲ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံရပြီး အကျဉ်းကျနေသူ ၁၃၁၆ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲ ၄၃၂၀ ဦး စုစုပေါင်း ၅၆၃၆ ဦးကို အမှုပိတ်သိမ်းပြီး လွှတ်ပေးကြောင်း အောက်တိုဘာလ ၁၈ ရက် မနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။