စစ်ကောင်စီက ဓားစာခံဖမ်းဆီးခဲ့တဲ့ ငါးနှစ်သမီး
2021.07.07
စစ်တပ်က အာဏာသိမ်းအပြီးနောက် အကြောင်းပြချက်အမျိုးမျိုးပြပြီး အကြမ်းဖက်ဖမ်းဆီးခံရတဲ့သူတွေထဲမှာ မန္တလေးတိုင်း၊ မိုးကုတ်မြို့က ငါးနှစ်အရွယ် မစုထက်ဝိုင်းဟာ အသက်အငယ်ဆုံး ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့သူ ၂ဝဝဝ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ပြန်လွှတ်ပေးလိုက်တဲ့အထဲမှာ မစုထက်ဝိုင်း ပါဝင်၊ လွတ်မြှောက်လာခဲ့တဲ့အတွက် ထောင်ထဲမှာ ၁၈ ရက်တိတိ အကျဉ်းကျခံခဲ့ရပါတယ်။
ဖခင်ဖြစ်သူဟာ မိုးကုတ်မြို့ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်ပြီး ဖခင်လုပ်သူကိုဖမ်းမရတာကြောင့် သမီးလေး စုထက်ဝိုင်းနဲ့အတူ အမေဖြစ်သူနဲ့ ၁၇ နှစ်အရွယ် အမဖြစ်သူ သုံးဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးပြီး ၁၈ ရက် အကြာမှာ သမီးလေး စုထက်ဝိုင်းကို ပြန်လွှတ်ပေးလိုက်ပေမယ့် အမေနဲ့ အမဖြစ်သူကိုတော့ ဖမ်းထားဆဲပါ။
ပြန်လွတ်လာတဲ့သမီးလေးဟာ အရွယ်မရောက်ခင်မှာ အကျဉ်းကျခံခဲ့ရတာမို့ စိတ်ဒဏ်ရာရခဲ့တယ်လို့ ဖခင်ဖြစ်သူ ကိုစိုးဌေးက RFA ကိုပြောပါတယ်။
သမီးငယ်ကိုမေးတဲ့အခါမှာ ထောင်ထဲမှာ ပုံစံထိုင်ခိုင်းတဲ့သူတွေကို မုန်းတယ်ဆိုတာသာပြောလေ့ရှိပြီး ကျန်တာဘာကိုမှ မေးလို့မရဘူးလို့ဆိုပါတယ်။
"ထောင်ထဲက ပုံစံထိုင်တဲ့အကြောင်းပြောပြတယ်၊ ပြောရင်းနဲ့ "ပုံစံ"လို့ အော်ပြီး အမှတ်စဉ်မှတ်တာ ပုံစံထိုင်ပြတာတွေ လုပ်ပြတယ်၊ သူပြောတာ ပုံစံထိုင်းခိုင်တဲ့သူတွေကို မုန်းတယ်ဆိုပြီးတော့ပဲပြောတယ်၊ ဒီလိုပြောပုံအရ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး၊ စိတ်ဓာတ်ရာကြီးကြီးမားမားရှိလိမ့်မယ်"

ငါးနှစ်အရွယ်ကလေးတစ်ယောက်မှာ နိုင်ငံရေး အသိတွေမရှိခဲ့ပေမယ့် သမီးငယ်လေး စုထက်ဝိုင်းမှာတော့ သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးစေချင်တဲ့ ဆန္ဒတစ်ခုရှိတယ်လို့ ဖခင်ဖြစ်သူ ကိုစိုးဌေးက ပြောပါတယ်။
ဒါကြောင့်လည်း မိုးကုတ်မြို့ဒေသခံတွေ လမ်းမပေါ်ထွက် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြကြတဲ့အချိန်မှာ သမီးငယ်လေးကလည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကြွေးကြော်သံစာတန်းကိုင်ပြီး ချီတက်ခဲ့ပါတယ်။
"သူနိုင်ငံရေးလည်း ဘာမှမသိပါဘူး၊ ဒီအရွယ်က ကျနော်တို့ပြောနေတဲ့ နိုင်ငံရေးတွေ သိမှာမဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်ခုရှိတာ ဖွားဖွားစုကို ဖမ်းထားတာကို လွှတ်ပေးဖို့ ဖွားဖွားစုကို လွှတ်ပေးဖို့ ဒါပဲပြောတယ်"
ဖခင်ဖြစ်သူ ကိုစိုးဌေးဟာ NLD ပါတီဝင်တစ်ဦးလည်းဖြစ်၊ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ မိုးကုတ်မြို့တာဝန်ခံလည်းဖြစ်သလို စစ်အာဏာသိမ်းပြီးနောက်မှာတော့ မိုးကုတ်မြို့က ဆန္ဒပြသပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်လာပါတယ်။
စစ်ကောင်စီဘက်က သပိတ်ခေါင်းဆောင် ကိုစိုးဌေးကို မရမကအကြိမ်ကြိမ်လိုက်ဖမ်းခဲ့ရာမှာ ဇွန်လ ၁၃ ရက်နေ့ကတော့ ကိုစိုးဌေး နေအိမ်ကို စစ်အင်အား အလုံးအရင်းနဲ့ လာရှာသွားပြီး ကိုစိုးဌေးကို မတွေ့လို့ အိမ်မှာရှိနေတဲ့ ဇနီးနန်းကြည်ကြည်ခိုင် ၊ သမီးဖြစ်သူ ၁၇ နှစ်အရွယ် တတိယနှစ်ဥပဒေအထူးပြု ကျောင်းသူ မသိမ့်စန္ဒီစိုးနဲ့ ငါးနှစ်အရွယ် မစုထက်ဝိုင်းတို့ကို ဖမ်းဆီးသွားတာပါ။

မိုးကုတ်မြို့ အကျဉ်းထောင်ထဲမှာ ကျန်ခဲ့တဲ့ မသိမ့်စန္ဒီစိုးရဲ့ ကျန်းမာရေးတော်တော်ဆိုးဆိုးရွားရွား ဖြစ်နေတယ်လို့ နီးစပ်တဲ့ အကျဉ်းထောင်ဝန်ထမ်းတချို့ဆီကနေ ပြန်ကြားရကြောင်း ကိုစိုးဌေးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့နေ့ကနေ ဒီနေ့အထိ မိသားစုနဲ့ တိုက်ရိုက်ဘာအဆက်အသွယ်မှမရဘူးလိုလည်းဆိုပါတယ်။
"သမီးကြီးက နဂိုကတည်းက ဆေးစား၊ စားသောက်နဲ့နေရတာ၊ သွေးလေးဖက်နာရောဂါကြောင့်၊ ဖမ်းတဲ့နေ့ကတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပါသွားတာ၊ ဘာဆေးမှပါမသွားဘူး၊ နောက်ပိုင်းလည်း အဆက်အသွယ်မရ ဆေးလည်းမပေးရတော့ ကျန်းမာရေးကြောင့်ရော၊ စစ်ကြောရေးမှာလည်း သံမန်တလင်းမှာ ဒူးထောက်ပြီး လက်ထိပ်ခတ်ပြီးစစ်တော့ တကြိမ်တင်မက နှစ်နာရီ သုံးနာရီ စစ်တော့ ကျန်းမာရေးက အသက်အန္တရယ်စိုးရိမ်ရတယ်ဆိုပြီး ကျနော့်ကို အထဲက တစ်ယောက်က သတင်းလှမ်းပြောတယ်"
သားသမီးလေးယောက်ရှိတဲ့ ကိုစိုးဌေးဟာ လက်ရှိအချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတာကြောင့် အိမ်မှာမနေရဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။လာဖမ်းတဲ့နေ့က အဖမ်းမခံရဘဲ လွတ်မြောက်သွားတဲ့ အသက် ၂၂ နဲ့ ၁၄ နှစ်အရွယ် သားနှစ်ယောက်ဟာလည်း ပုန်းရှောင်နေရပါတယ်။ ပြန်လွတ်လာတဲ့သမီးလေး စုထက်ဝိုင်းဟာလည်း အခုတော့ ဖခင်နဲ့အတူ ပုန်းရှောင်ရင်းနေနေပါတယ်။
အသက် ၅ နှစ်ပဲရှိသေးတဲ့ကလေးငယ်တစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ရှေ့နေ ဦးခင်မောင်ဇော်က သုံးသပ်ပါတယ်။
"၁၈ နှစ်အောက်ကလေးတွေက ပြစ်မှုကျူးလွန်တယ်ဆိုရင်တောင် ထောင်ထဲထည့်ခွင့်မရှိဘူး၊ အချုပ်ထဲထည့်လို့မရဘူး အာမခံပေးရတယ်။ ငါးနှစ်အရွယ်ကလေးကိုဖမ်းတာဟာ ဥပဒေနဲပလည်း မညီဘူး၊ လူ့အခွင့်အရေး ချိုးဖောက်တာလည်းဖြစ်တယ်၊ ခေတ်အဆက်ဆက် အုပ်စိုးသူ လူတန်းစာဟာ သူတို့အာဏာကိုထိလာတဲ့အခါ ကလေးသူငယ်တွေကအစ အကုန်လုံးကို ပတ်ရမ်းတာပဲ"

ကိုစိုးဌေးတို့ မိသားစုလို ဓါးစာခံအဖြစ် ဖမ်းဆီးခံနေရတဲ့အမှုပေါင်း များစွာရှိနေပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးသေဆုံးသူတွေရဲ့ စာရင်းကိုမှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ AAPP ရဲ့ စာရင်းတွေအရ ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသူ ၇၆ ယောက်ထက်မနည်းရှိပါတယ်။
ကိုစိုးဌေးတို့ မိသားစုကတော့ ဓားစာခံအဖြစ် အဖမ်းခံရရုံသာမက စီးပွါးရေးလုပ်ငန်းဖြစ်တဲ့ ကလေးကစားကွင်းတွေနဲ့ အိမ်တွေကိုလည်း စစ်ကောင်စီက ချိတ်ပိတ်ထားတယ်လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးနော်စူစန်နာ လှလှစိုးက အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့ထဲမှာ ၅ နှစ်အရွယ် သမီးလေး စုထက်ဝိုင်းဟာ အသက်အငယ်ဆုံးဖြစ်ပြီး သူ့ကို အငယ်ဆုံးနိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်တယ်လို့ ပြောပါတယ်။
ဒီလိုငယ်ရွယ်တဲ့ကလေးငယ်တစ်ယောက်ကို အချုပ်ထဲထည့်ထားခဲ့တာဟာ စစ်ကောင်စီက စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
"ဒီလိုဖမ်းဆီးတာက စစ်ရာဇဝတ်မှုကို ကျူးလွတ်တာပဲ တာဝန်ရှိတဲ့သူ အဆင့်ဆင့်က တာဝန်ယူရမယ် ဒီလို ကလေးသူငယ်ကို ဖမ်းဆီးတာပြီး အချုပ်ထဲထည့်တာဟာ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်တာ၊ ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်။ ကလေးက အရမ်းငယ်သေးတဲ့အတွက် စိတ်ဒဏ်ရာ နက်နက်ရှိုင်းရှိုင်းရနိုင်တယ်၊ ကျမတို့က ကျွမ်းကျင်တဲ့ counseling လုပ်တဲ့သူတွေနဲ့ ချိတ်ဆတ်ပြီး လုပ်ပေးနေပါတယ်"
ဓားစာခံဖမ်းဆီးတဲ့ လုပ်ရပ်တွေကို ရှုံချတယ်လို့လည်း ဝန်ကြီးနော်စူစန်နာလှလှစိုးက ပြောပါတယ်။ NUG ရဲ့ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ပြုစုထားတဲ့စာရင်းတွေအရ အသက်မပြည့်ဘဲ ဖမ်းဆီးခံထားရတဲ့ ၁၈ နှစ်အောက် ကလေး ၈၀ နီးပါးရှိပါတယ်။
သမီးငယ်လေး စုထက်ဝိုင်းကို ၁၈ ရက်တိတိ ဖမ်းဆီးချုပ်နှောင်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
မိုးကုတ်မြို့က စစ်အာဏာဆန့်ကျင်ရေး သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစိုးဌေးကတော့ မိသားစုဝင်တွေ အဖမ်းခံခဲ့ရပေမယ့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
"ဒီအာဏာရှင် အမြစ်ပြတ်ဖို့ပဲ အာရုံစိုက်တယ်၊ ကျနော့်သမီးတွေ၊ ဇနီးတွေ ခံစားနေရတာတွေကိုလည်း ဒီတော်လှန်ရေးမှာ အရင်းအနှီးတစ်ခုလိုပဲ ကျနော်က မြင်တယ်၊ ဒီခံစားမှုတွေကနေ တော်လှန်ရေးကို မြန်မြန်ဆန်ဆန် အပြီးသတ် အဆုံးသတ်တိုက်ပွဲဝင် သွားဖို့ပဲ ခွန်အားဖြစ်တယ်"
AAPP အဖွဲ့ရဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရသူ အယောက် ၈၉၀ ကျော်နဲ့ ဖမ်းဆီးခံရတဲ့သူပေါင်း ၅၁၀၀ နီးပါးရှိသွားပါပြီ။