ရေဘေးဒဏ်ခံ လယ်ယာမြေ ပြုပြင်ဖို့ ဒေါ်လာ သန်း ၈ဝ လိုအပ်
2015.09.10

တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ ရေဘေးဒဏ်ကြောင့် ပျက်စီးခဲ့တဲ့လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၈၀ နီးပါး လိုအပ်မှာဖြစ်တဲ့အတွက် အစိုးရကို အကူအညီတောင်းထားတယ် လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဘက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ပြောပါတယ်။
ပျက်စီးသွားတဲ့ လယ်ယာမြေတွေကို ပြန်လည်ပြုပြင်ဖို့အတွက် ၃နှစ်လောက် အချိန်ယူပြီး ဆောင်ရွက်ရမှာဖြစ်တယ် လို့ ဒေါက်တာစိုးထွန်း က ပြောပါတယ်။
"အကြမ်းဖျင်းပြောရရင် အမေရိကန်ဒေါ်လာ သန်း ၈ဝ နီးပါးလိုတာပေ့ါ၊ အချိန်ကပြန်လည်ထူထောင်ဖို့ ဆိုရင် နှစ်နှစ်ကနေ သုံးနှစ်အချိန်ယူပြီး ပြန်လုပ်မှရမယ်၊ နှုန်းမြေတွေ ကျနော်တို့က ပြန်ဖယ်ဖို့လိုတယ်၊ ပြီးတော့ မြေသားတွေ ပြန်လည်ပြုပြင်ဖို့လိုတာပေါ့၊ အဲ့အတွက် စက်ယန္တရားတွေ လိုအပ်ချက်ရှိနေတဲ့ အပိုင်းရှိတာပေါ့၊ စက်ယန္တရားတွေနဲ့ နိုင်ငံတော်တော်အစိုးရပိုင်းကပဲ ဆောင်ရွက်ပေးနိုင်တာပေါ့"
ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မျိုးစပါးတွေ၊ စက်ယန္တရားတွေ၊ မြေသြဇာတွေနဲ့ ပိုးသတ်ဆေးတွေ ကို တောင်သူတွေဆီ ဖြန့်ဝေပေးနေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရခိုင်၊ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာ ရေဘေးကြောင့် လယ်ယာမြေဧက တစ်သန်းကျော် ပျက်စီးခဲ့ပြီး အဲဒီထဲမှာ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပါတယ်။
ရေနစ်မြုပ်မှုကြောင့် တောင်သူလယ်သမားတွေ သိုလှောင်ထားတဲ့ မျိုးစပါးတွေလည်း ပျက်စီးဆုံးရှုံးခဲ့တဲ့ အတွက် ပြန်လည်စိုက်ပျိုးရေးမှာ မျိုးစပါးက အဓိကလိုအပ်ချက်ဖြစ်နေပါတယ်။
ဒေါက်တာစိုးထွန်းကို RFA သတင်းထောက် မမိုးကလျာဦးက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။