ရေဘေးကြောင့် သေဆုံးသူ ၂၂၆ ဦး ရှိကြောင်း စစ်ကောင်စီပြော
2024.09.16

ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ သေဆုံးသူ ၂၂၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၇၇ ဦး ရှိကြောင်း စစ်ကောင်စီက စက်တင်ဘာ ၁၆ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့ ညနေ လေးနာရီထိ စစ်ကောင်စီ ကောက်ယူရရှိတဲ့ စာရင်းကို ထုတ်ပြန်တာပါ။
နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၅၆ မြို့နယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာကြောင့် သေဆုံးခဲ့ကြတာလို့ စစ်ကောင်စီက ပြောပါတယ်။
ရေဘေးကြောင့် လူဦးရေ တစ်သိန်းခြောက်သောင်းကျော် (၁၆၃,၇၁၀ ဦး)၊ အိမ်ထောင်စု လေးသောင်းသုံးထောင်နီးပါး (၄၂,၈၅၈ စု) ကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရတဲ့အပြင် ရေဘေးကယ်ဆယ်ရေးစခန်း ၄၃၈ ခု ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။
ရေဘေးသင့်ခဲ့တဲ့ မြို့နယ် ၅၆ မြို့နယ်မှာ လူနေအိမ် နှစ်ထောင်ကျော် (၂,၁၁၆ လုံး) ပျက်စီးခဲ့ပြီး နေအိမ် တစ်သိန်းခွဲကျော် (၁၅၈,၃၇၃ လုံး) ရေဝင်နစ်မြုပ်ခဲ့တဲ့အပြင် ရုံးဌာနအဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း တစ်ထောင်ကျော် (၁,၀၄၀ ကျော်)၊ ဘာသာရေးအဆောက်အဦ လေးရာနီးပါး (၃၈၆ လုံး) ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
တိရစ္ဆာန်မျိုးစုံ စုစုပေါင်းကောင်ရေ တစ်သိန်းနှစ်သောင်းကျော် သေဆုံးခဲ့သလို စပါးနဲ့ သီးနှံမျိုးစုံ စိုက်ဧက ခြောက်သိန်း လေးသောင်းကျော် ရေဝင်နစ်မြုပ်ခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။