အစိုးရစာရင်းတွေအရ ရေဘေးသင့်သူ နှစ်သောင်းကျော်ရှိ


2019.07.15
myitkyina-flooding-jul12-622.jpg ကချင်ပြည်နယ် မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးနေတာကို ၂၀၁၉၊ ဇူလိုင် ၁၂ ရက်နေ့က မြင်တွေ့ရစဉ်
ဓါတ်ပုံ - အဲလိဇဘက်ဂျန်မာ/ RFA

မြစ်ရေတွေ မြင့်တက်နေတာကြောင့် ကချင်၊ စစ်ကိုင်း၊ ချင်း၊ ရခိုင် စတဲ့ တိုင်းနဲ့ ပြည်နယ် လေးခုမှာ ရေဘေး ဒုက္ခသည် နှစ်သောင်းကျော် ရှိနေတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။

ဒီနေ့ညနေက မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ ဧရာဝတီနဲ့ ချင်းတွင်းမြစ်တွေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီး မြို့လေးမြို့အတွက် စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တောင်း၊ ကုလားတန်၊ လေးမြို့မြစ်တွေဟာလည်း မြို့ ငါးမြို့အတွက် စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ရေပြန်ကျသွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီတိုင်းနဲ့ပြည်နယ်တွေမှာ ကယ်ဆယ်ရေးစခန်း ၆၃ ခု ဖွင့်ထားတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ကချင်မှာ ရေဘေးဒုက္ခသည် တစ်သောင်းခွဲနီးပါး၊ စစ်ကိုင်းမှာ ရေဘေးသင့်သူ တစ်ထောင်ကျော်၊ ချင်းမှာ ၁၇၀၀ ကျော်နဲ့ ရခိုင်မှာ ရေဘေးသင့်သူ ၃၆၀၀ ကျော် ရှိနေတယ်လို့ အစိုးရစာရင်းတွေအရ သိရပါတယ်။

အစိုးရရဲ့ ရခိုင်ပြည်နယ်က ရေဘေးသင့်သူ စာရင်းဟာ မြေပြင်မှာ ဒုက္ခသည်တွေကို အကူအညီတွေပေးနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းတွေနဲ့ ကွာဟမှု ရှိနေပါတယ်။ မြေပြင်မှာ ကူညီပေးနေသူတွေ ပြောဆိုချက်အရ ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ ရေဘေးသင့်သူ တစ်သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။

ဒီလိုကွာဟနေတာနဲ့ပတ်သက်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းကို RFA က မေးမြန်းရာမှာ - အစိုးရရဲ့ စာရင်းတွေဟာ ရေကြီးလို့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စာရင်းသာဖြစ်ပြီး၊ ဒီထဲမှာ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေမှာ နေထိုင်သူတွေနဲ့ နေအိမ်ထဲ ရေဝင်ပေမယ့် မရွှေ့ပြောင်းသူတွေ စာရင်းမပါဝင်ဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။