မြစ်ရေကြီးမှုကြောင့် မြို့ ၁၁ မြို့မှာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ

RFA Burmese
2024.07.08
မြစ်ရေကြီးမှုကြောင့် မြို့ ၁၁ မြို့မှာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ရေကြီးရေလျှံနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ်။
Facebook/သုညသုခ ပရဟိတလူငယ်အသင်း

မြစ်ရေ၊ ချောင်းရေ မြင့်တက်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ မြို့ပေါင်း ၁၁ မြို့မှာ စိုးရိမ်ရေ အမှတ် အထက် ရောက်ရှိနေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က ဇူလိုင်လ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဧရာ၀တီမြစ်ရေ မြင့်တက်မှုကြောင့် ဗန်းမော်၊ ရွှေကူ၊ ကသာနဲ့ သပိတ်ကျင်းမြို့တွေမှာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေတာပါ။ ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့်လည်း ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းနဲ့ မုံရွာမြို့တို့မှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပါတယ်။

နန့်ယင်းနဲ့ နန့်ကောင်းချောင်း ရေကြီးမှုကြောင့်လည်း ကချင်ပြည်နယ်၊ မိုးကောင်းမြို့ဟာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိနေပြီး ရေကြီးရေလျှံမှုနဲ့ ကြုံနေရပါတယ်။

အခုမြို့ ၁၁ မြို့မှာ စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့်ကနေ အမြင့်ဆုံး ဆယ်ပေခန့်အထိ မြင့်တက်နေတာလို့လည်း မိုး/ဇလ ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အရပ်ဘက် မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကတော့ နောက်ထပ်လည်း မိုးများနိုင်တဲ့အခြေအနေတွေ ရှိတာကြောင့် မြစ်ရေကြီးမှုတွေ ဆက်ရှိနိုင်တယ်လို့ RFA ကို ပြောပါတယ်။

"မိုးအခြေအနေ ကြိုပြီးခန့်မှန်းမယ်ဆိုရင် ၁၄ ရက်၊ ၁၅ ရက် ပတ်ဝန်းကျင်မှာလည်း တောင်တရုတ်ပင်လယ်မှာ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်လေးတစ်ခု ဖြစ်ဖို့ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံအနေနဲ့က ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီ ပင်လယ်ပြင်ဘက်က အနောက်တောင်မုတ်သုန်လေကြောင့်ဖြစ်လာတဲ့ မိုးအားရော၊ အရှေ့ဘက် လေမုန်တိုင်းတွေနဲ့အတူပါလာတဲ့ မိုးအားရော နှစ်ဖက်ညှပ်ပြီး မိုးများမဲ့ အခြေအနေဖြစ်လာမှာဖြစ်တဲ့အတွက် ဒါတွေကို ဆက်ပြီး သတိထားစောင့်ကြည့်ရပါမယ်"

ဧရာ၀တီနဲ့ ချင်းတွင်းမြစ် အပါအဝင် မြစ်ချောင်းတစ်လျှောက်ဒေသတွေမှာလည်း မြစ်ရေကြီးမှုနဲ့ ရေလွှမ်းမိုးမှုတွေကို သတိထား စောင့်ကြည့်ဖို့လိုတယ်လို့လည်း သူက ဆိုပါတယ်။

ဇွန်လကုန်ကစလို့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း သုံးသောင်းထက်နည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပြီး ချောင်းကူးတံတားတွေ ကျိုးကျပျက်စီးတာ၊ နေအိမ်တွေ ရာနဲ့ချီပြီး ရေထဲ မျောပါပျက်စီးတာနဲ့ လူသေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။