ရေဘေးကြောင့် သေဆုံးသူ ၁၂ ဦးရှိ
2018.08.01

ကရင်၊ မွန်၊ တနင်္သာရီ၊ ပဲခူး၊ မကွေး စတဲ့ တိုင်းနဲ့ပြည်နယ် ၅ခုမှာ ရေဘေးကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိပြီး ပြောင်းရွှေ့ရသူ တစ်သိန်းခွဲနီးပါးရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုင်းနဲ့ ပြည်နယ် ၅ခုထဲမှာ ပဲခူးတိုင်းမှာ ပြောင်းရွှေ့ရသူ တစ်သိန်းကျော်နဲ့ သေဆုံးသူ ၄ဦး ရှိနေပြီး ရေဘေးဒဏ်ခံနေရသူ အများဆုံးဖြစ်နေတာပါ။
ဒုတိယအများဆုံးကတော့ ကရင်ပြည်နယ်မှာ ရွှေ့ပြောင်းသူဦးရေ ၂သောင်းခွဲနဲ့ သေဆုံးသူ တစ်ဦး၊ တတိယအများဆုံးက မွန်ပြည်နယ် ဖြစ်ပြီး ရွှေ့ပြောင်းဦးရေ ၂သောင်းနီးပါးနဲ့ သေဆုံးသူ ၃ဦး ရှိနေပါတယ်။
ကယ်ဆယ်ရေးစခန်းတချို့ ပိတ်သိမ်းတာတွေ ရှိပေမယ့် ဒုက္ခသည်အရေအတွက်ကတော့ မလျော့သွားသေးပါဘူး။ အခုလက်ရှိ ကယ်ဆယ်ရေးစခန်း ၃၂၆ ခုရှိတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်ထဲမှာဆိုရင် ကျိုက်မရောမြို့နယ်မှာ ရေဘေးဒုက္ခသည်ဦးရေ တိုးလာပြီး အခုဆိုရင် လူဦးရေ ၂သောင်းကျော်နေပြီဖြစ်ပါတယ်။
ပဲခူးတိုင်းထဲမှာလည်း ကယ်ဆယ်ရေးစခန်း ၂၀၄ခု ဖွင့်လှစ်ထားရပြီး ပဲခူးမြို့တစ်ခုတည်းမှာတင် ဒုက္ခသည် ၄သောင်းကျော်ရှိနေပါတယ်။