ရေဘေးကြောင့် သေဆုံးသူ ၁၇ ဦးရှိ


2018.08.04
karen-flooding-622.jpg ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အပိုင် ဟောင်သရောမြစ်တစ်လျှောက်ကကျေးရွာတွေ ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က ရေနစ်မြုပ်နေတာကို တွေ့ရစဉ်
Photo: Thant Zin Oo/RFA

ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုတွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ လူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုက လူ ၁၇ ယောက် သေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"တစ်နိုင်ငံလုံးက ၁၇၊ ကရင် ၃၊ တနင်္သာရီ ၁၊ မွန်က ၅၊ ပဲခူးက ၄၊ မကွေးက ၂၊ ၂ ဦးကကျတော့ ပြည်ထောင်စု နယ်မြေက ၁ ရယ်၊ ရှမ်းက ၁ ရယ်၊ လက်ရှိပြောင်းရွှေ့ထားတဲ့အခြေအနေ တစ်နိုင်ငံလုံးမှာဆိုရင်တော့ စခန်း ၁၇၈ ခုရှိတယ်၊ အိမ်ထောင်စုက ၁၆,၁၄၅၊ လူဦးရေက ၇၇,ဝ၀၃။ "

ဇူလိုင်လအတွင်း စတင်ခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် ပဲခူးတိုင်းမှာ လူဦးရေအများဆုံး ရေဘေးဒဏ်ခံခဲ့ရသလို ကရင်ပြည်နယ်မှာလည်း လူဦးရေ သောင်းနဲ့ချီ ပြောင်းရွှေ့ခဲ့ကြရပါတယ်။

စိုက်ပျိုးမြေဧကပေါင်း ၁၁ သိန်းကျော် ရေဖုံးလွှမ်းသွားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောပါတယ်။

"စုစုပေါင်း ရေလွှမ်းခံရတဲ့ ဧရိယာ ၁၁ သိန်းကျော်ရှိပါတယ်၊ ၇ သိန်းကျော် ပြန်ပေါ်ပါပြီ၊ ပျက်စီးတာကတော့ ၃ သိန်းကျော်ပါပဲ၊ အဲမှာ မိုးစပါးကတော့ တစ်သိန်းကျော် ပျက်စီးပါတယ်"

စိုက်ပျိုးမြေတွေ ရေလွှမ်းခံရမှုမှာ ပဲခူးတိုင်းမှာ ဧက ၄ သိန်းကျော်နဲ့ အများဆုံးဖြစ်ပြီး မကွေး၊ စစ်ကိုင်းနဲ့ ဧရာဝတီ တိုင်းတွေမှာလည်း စိုက်ပျိုးမြေ ဧကသိန်းနဲ့ချီ ရေလွှမ်းခံနေရပါတယ်။

ရေဖုံးလွှမ်းခံရပြီးနောက် ရေပြန်ကျတဲ့အချိန်မှာ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက မျိုးစပါးတွေ ထောက်ပံ့ပေးဖို့အပြင် ထွန်ယက်စိုက်ပျိုးတဲ့အပိုင်းတွေမှာလည်း ကူညီပေးတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် သဘာဝဘေးတွေကြောင့် ပျက်စီးသွားတဲ့ လယ်ယာသီးနှံတွေအတွက် သင့်တော်တဲ့နှုန်းထားနဲ့ ထောက်ပံ့ကြေး ပြန်လည်တောင်းခံပေးတာမျိုးလည်း ရှိတယ်လို့ ဦးမျိုးတင့်ထွန်း က ပြောပါတယ်။

မနှစ်ကဆိုရင် တစ်နှစ်လုံးအတိုင်းအတာနဲ့ သဘာဝဘေးတွေကြောင့် ပျက်စီးသွားတဲ့ လယ်ယာသီးနှံတွေအတွက် ထောက်ပံ့ကြေးပေးဖို့ ပြည်ထောင်စုအစိုးရဆီကနေ ငွေကျပ် ၄ ဘီလီယံလောက် တောင်းခံထားတာရှိတယ်လို့ သိရပါတယ်။ လတ်တလော ရေဖုံးလွှမ်းသွားတဲ့ နေရာတွေမှာ ပျက်စီးသွားတဲ့ လယ်ယာသီးနှံတွေအတွက် ထောက်ပံ့ပေးနိုင်ဖို့ စာရင်းပြုစုနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။